ဆရာတော် အရှင်အဘယာလင်္ကာရ အမည်ဖြင့် ဖွင့်ထားသော ဆိုရှယ်မီဒီယာ အကောင့်များအား ပိတ်သိမ်းပေးရန် ထုတ်ပြန်

(ပြည်တွင်း) စက်တင်ဘာ ၇

မဟာဝိဟာရကျောင်းတိုက်-လှည်းကူး၏ပဓာန နာယကဆရာတော် အရှင်အဘယာလင်္ကာရ အမည်ဖြင့် ဖွင့်ထားသော ဆိုရှယ်မီဒီယာ အကောင့်များအား ပိတ်သိမ်းပေးရန် မေတ္တာရပ်ခံထားကြောင်း သိရသည်။

စက်တင်ဘာ ၇ ရက် နံနက်ပိုင်းတွင် မဟာဝိဟာရကျောင်းတိုက်-လှည်းကူး၏ပဓာန နာယကဆရာတော် အရှင်အဘယာလင်္ကာရ အမည်ဖြင့် ဖွင့်ထားသော ဆိုရှယ်မီဒီယာ အကောင့်များအား ပိတ်သိမ်းပေးရန်(သို့မဟုတ်) အကောင့်ဖွင့်သူ၏အမည်​ဖြစ်စေ၊ အခြားအမည်ဖြစ်စေ ပြောင်းလဲပေးရန် မဟာဝိဟာကျောင်းတိုက်လှည်းကူး၏(ဥပတ္ထမ္ဘကအဖွဲ့)က မေတ္တာရပ်ခံချက် ထုတ်ပြန်ထားသည်။

ထို့ပြင် ဆရာတော်သည် Face book ၊ TikTok အစရှိသည့် ဆိုရှယ်မီဒီယာများအသုံးပြုခြင်း မရှိကြောင်း၊ ဆိုရှယ်မီဒီယာများတွင် အရှင်အဘယာလင်္ကာရ အမည်ဖြင့် အကောင့်များဖွင့်၍ အသုံးပြုနေခြင်းများမှာ ဆရာတော်နှင့်သော်လည်းကောင်း ၊ ကျောင်းတိုက် ဥပတ္ထမ္ဘကအဖွဲ့နှင့်သော် လည်းကောင်း သက်ဆိုင်ခြင်းမရှိပါကြောင်း အသိပေးထားသည်။

သက်တော် ၃၉နှစ်အရွယ်ရှိ အရှင်အဘယာလင်္ကာရ( မဟာဝိဟာရဝါသီ)သည် မဟာဝိဟာရကျောင်းတိုက် (လှည်းကူး)၊ မဟာဝိဟာရ ရန်ကင်းတောရ (နေပြည်တော်)၊ မဟာဝိဟာရကျောင်းတိုက်(မန္တလေး)၊ မဟာဝိဟာရ ကျောင်းတိုက်(၁၄မိုင်)၊ မဟာဝိဟာရတောရကျောင်း(ပြင်ဦးလွင်)၊ မဟာဝိဟာရ‌ကျောင်းတိုက်(ခရမ်း)တို့ တည်ထောင်ကာ သာသနာပြုလုပ်ငန်းများ ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။