နေပြည်တော်မှကားအငှားလိုက်သူအမျိုးသားအား သတ်ဖြတ်ပြီး ကားအား လုယူမှုဖြစ်ပွား

(မှုခင်း) စက်တင်ဘာ ၇

ရန်ကုန်-မန္တလေးအမြန်လမ်း ၂၇၉/၁ မိုင် အနီးတွင် ကားအငှားလိုက်သူအမျိုးသားအား သတ်ဖြတ်ပြီး ကားအား လုယူသွားကြောင်း သိရသည်။

စက်တင်ဘာ ၆ရက်နေ့ ညနေ ၅ နာရီခွဲကျော်ခန့်တွင် ရန်ကုန်-မန္တလေးအမြန်လမ်း ၂၇၉/၁ မိုင်အနီး နေပြည်တော်မှ မန္တလေးဘက်အသွားအခြမ်း အမြန်လမ်းဘေးနှင့် ပေ ၃၀၀ ကျော်အကွာလောက်တွင် ပက်လက်အနေအထားဖြင့် အလောင်းတစ်လောင်းအား နွားကျောင်းသားတစ်ဦးမှ နွားသိမ်းအပြန် တွေ့ရှိရသဖြင့် ရာအိမ်မှူးမှတဆင့် သက်ဆိုင်ရာစခန်းမှူးထံဆက်သွယ်အကြောင်းကြားလာခြင်းဖြစ်ကြောင်း သိရပါသည်။

ဖြစ်စဥ်နေရာအား သက်ဆိုင်ရာတာဝန်ရှိသူများမှ စစ်ဆေးခဲ့ရာ အသက် ၃၀ ဝန်းကျင်ခန့် အမျိုးသားအလောင်းတစ်ခုအား ဝဲဘက်ဦးခေါင်းဂျိုစောင်းတွင် ရိုက်နှက်ခံထားရ၍ ဦးခေါင်းခွံကျေ ပေါက်ပြဲဒဏ်ရာတစ်ချက်နှင့် ယာဘက်မျက်လုံး ညိုမဲဖူးရောင်ဒဏ်ရာများဖြင့် သေဆုံးနေကြောင်း တွေ့ရသည်။

အခင်းဖြစ်ပွားသည့် ညနေ ၄ နာရီ ၃၀မိနစ်ခန့်က နေပြည်တော်မှ ကားအငှါးဝန်ဆောင်မှု လုပ်ကိုင်သူ ဦးဝင်းကို အသက် ၃၄ နှစ်အား မိဘများမှ ဘယ်ရောက်နေလဲဟု ဖုန်းဆက်သွယ်ရာ ၎င်းတို့၏သားမဟုတ်ဘဲ အမျိုးသားတစ်ယောက်မှ ဖုန်းကိုင်ပြီး အခု မိတ္ထီလာရောက်နေကြောင်း ၊ ကားဆရာအပြင်သွား၍ ဖုန်းကိုင်လိုက်ကြောင်း ပြောလာပြီး မိသားစုမှ စိတ်ပူပြီး ဖုန်းထပ်မံဆက်ရာတွင် ဖုန်းစက်ပိတ်သွား၍ မိတ္ထီလာမြို့နယ် ရဲတပ်ဖွဲ့မှူးထံသို့ မိဘများမှ ဆက်သွယ်အကူအညီတောင်းခံလာသောကြောင့် ရဲတပ်ဖွဲ့ဝင်များ ချိတ်ဆက်ရှာဖွေမှုများ ပြုလုပ်ခဲ့ကြောင်း သိရသည်။

ထို့နောက် သက်ဆိုင်ရာ ရဲတပ်ဖွဲ့မှ အမြန်လမ်းပေါ်မှ တွေ့ရှိရသော ၎င်း Dead Body ပုံအား နေပြည်တော်မှ မိဘများထံ ပြသကြည့်ရာ ၎င်းတို့၏သား ဦးဝင်းကို အသက် ၃၄ နှစ် သုခတော်ဝင်အိမ်ရာ ၊ ဇဗ္ဗူသီရိမြို့နယ်တွင် နေထိုင်သူမှန်‌ကန်ကြောင်း၊ သေဆုံးသူ ဦးဝင်းကို ပိုင်ဆိုင်မောင်းနှင်အငှါးလိုက်သော 9Q/4825 Hyundai Accent ကားအဖြူရောင်မှာ ပျောက်ဆုံးနေကြောင်း သိရသည်။

အဆိုပါသေဆုံးသူဦးဝင်းကို၏ ရုပ်အလောင်းအား မိထ္ထီလာမြို့နယ်ရှိ မေတ္တာပါရမီ ပရဟိတအသင်းမှ မော်တော်ယာဥ်ဖြင့် မိထ္ထီလာပြည်သူ့ဆေးရုံသို့ ပို့ဆောင်ပေးထားကြောင်း ၊ကားအငှါးလိုက်သူ ဦးဝင်းကိုအား လူသတ်ရိုက်နှက်ပြီး ကားအားလုယက်ယူဆောင်သွားသူများအား အမြန်ဆုံး ဖမ်းဆီးရမိရေးဆောင်ရွက်လျှက်ရှိကြောင်း ၊ အဆိုပါ ကားအား တွေ့ရှိပါက နီးစပ်ရာရဲစခန်းများတွင် အမြန်ဆုံးအကြောင်းကြားပေးကြပါရန် သက်ဆိုင်သူများမှ မေတ္တာရပ်ခံထားကြောင်း သိရသည်။