(မှုခင်း) နို၀င်ဘာ ၂
မန္တလေးတိုင်းဒေသကြီး၊ သာစည်မြို့နယ်တွင် ခရီးသည်တင်ယာဉ်ဖြင့် သယ်ဆောင်လာသည့် ငွေကျပ်သိန်း ၁,၀၀၀ တန်ဖိုးရှိ စိတ်ကြွဆေးပြား ၅၀,၀၀၀ ပြားကို ဖမ်းဆီးရမိခဲ့ကြောင်း သိရသည်။
အောက်တိုဘာ ၃၀ ရက် ညနေ ၃ နာရီ ၁၅ မိနစ်အချိန်ခန့်က မူးယစ်ဆေးဝါးတားဆီးနှိမ်နင်းရေးရဲတပ်ဖွဲ့ဝင်များသည် သက်သေများနှင့်အတူ သာစည်မြို့နယ်၊ ကျွဲတပ်ဆုံကျေးရွာအနီးတွင် မော်တော်ယာဉ်များကို စစ်ဆေးနေစဉ် ဆီဆိုင်မြို့မှ မန္တလေးမြို့ဘက်သို့ မောင်းနှင်လာသည့် ခရီးသည်တင်ယာဉ်ပေါ်မှ ကျော်ကျော်ဇင် (၃၂) နှစ်၏ ခြင်းအတွင်း၌ စိတ်ကြွဆေးပြား ၅၀,၀၀၀ ပြား(ဒေသကာလတန်ဖိုးငွေကျပ်သိန်း ၁,၀၀၀)နှင့် လက်ကိုင်ဖုန်းတစ်လုံးတို့ကို တွေ့ရှိသိမ်းဆည်းရမိခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
အဆိုပါဖြစ်စဉ်နှင့်ပတ်သက်၍ ကျော်ကျော်ဇင်အား သာစည်မြို့မရဲစခန်းတွင် မူးယစ်ဆေးဝါးနှင့် စိတ်ကိုပြောင်းလဲစေသောဆေးဝါးများဆိုင်ရာဥပဒေအရ အမှုဖွင့်အရေးယူထားပြီး မူးယစ်ဆေးဝါးသယ်ဆောင်မှုတွင် ပါဝင်ပတ်သက်သူများကို ဆက်လက်ဖော်ထုတ်လျက်ရှိကြောင်း သိရသည်။

Telegram – t.me/positiveanglenews
#PAN