တနင်္သာရီမြို့ ရေဘေးသင့်ပြည်သူ ၁,၇၇၁ ဦး ယာယီကယ်ဆယ်ရေးစခန်း ၁၀ ခုတွင် နေထိုင်၊ လူနာ ၂၇၅ ဦးကို အထူးကုဆရာဝန်များ ကုသပေး

(ပြည်တွင်း) စက်တင်ဘာ ၆

တနင်္သာရီတိုင်းဒေသကြီး သယံဇာတနှင့် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီး ဦးသိန်းလွင်နှင့် လွှတ်တော်ကိုယ်စားလှယ်များ၊ မြိတ်ခရိုင် သဘာဝဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုအဖွဲ့မှ ဌာနဆိုင်ရာတာဝန်ရှိသူများနှင့် လူမှုကယ်ဆယ်ရေးအဖွဲ့များသည် စက်တင်ဘာ ၅ ရက်တွင် တနင်္သာရီမြို့နယ်ရှိ ရေဘေးသင့်ပြည်သူများအား တိုင်းဒေသကြီးအစိုးရအဖွဲ့၏ ထောက်ပံ့ပစ္စည်းများ ပေးအပ်ခြင်းနှင့် အထူးကုဆရာဝန်ကြီးများအဖွဲ့၏ ကျန်းမာရေးစောင့်ရှောက်မှုလုပ်ငန်းများကို သွားရောက်ကြည့်ရှုအားပေးခဲ့သည်။

တိုင်းဒေသကြီးဝန်ကြီးနှင့်အဖွဲ့သည် ချောင်းငယ်ရပ်ကွက်ရှိ ရိပ်သာဘုန်းတော်ကြီးကျောင်းနှင့် ချောင်းကြီးရပ်ကွက်ရှိ ဘုန်းတော်ကြီးကျောင်းများတွင် ဖွင့်လှစ်ထားသည့် ယာယီရေဘေးကယ်ဆယ်ရေးစခန်းများသို့ သွားရောက်ကာ ရေဘေးသင့်ပြည်သူများနှင့် တွေ့ဆုံခဲ့သည်။

ထိုသို့တွေ့ဆုံရာတွင် တိုင်းဒေသကြီးဝန်ကြီးချုပ်ကိုယ်စား တိုင်းဒေသကြီးဝန်ကြီးက ရေဘေးသင့်ပြည်သူများအား အားပေးစကား ပြောကြားခဲ့သည်။

ထို့နောက် ရေဘေးသင့်ပြည်သူများအတွက် တိုင်းဒေသကြီးအစိုးရအဖွဲ့က ထောက်ပံ့သည့် ဆန်၊ ဆီ၊ ကြက်ဥ၊ မာမားခေါက်ဆွဲနှင့် ငါးသေတ္တာများ၊ သဘာဝဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဦးစီးဌာနက ထောက်ပံ့သည့် ၇ ရက်စာ ဆန်ရိက္ခာဖိုးငွေများကို ပေးအပ်ခဲ့သည်။

ထို့အပြင် လူမှုဝန်ထမ်းဦးစီးဌာနက ထိခိုက်လွယ်အုပ်စုများဖြစ်သည့် အသက် ၇၀ နှစ်နှင့်အထက် ဘိုးဘွားများ၊ ကိုယ်ဝန်ဆောင်များ၊ အသက် ၅ နှစ်အောက်ကလေးများနှင့် မသန်စွမ်းသူများအတွက် ထောက်ပံ့ငွေများကို ပေးအပ်ခဲ့သည်။

ရေဘေးကြောင့် အိမ်ထောင်စုလူဦးရေစာရင်းနှင့် နိုင်ငံသားစိစစ်ရေးကတ်ပြားများ ပျောက်ဆုံးခြင်း သို့မဟုတ် ပျက်စီးခြင်းရှိသူများအား ကတ်ပြားအသစ်များ ထုတ်ပေးခဲ့ပြီး မြန်မာနိုင်ငံကြက်ခြေနီအသင်းက ထောက်ပံ့သည့် ကယ်ဆယ်ရေးပစ္စည်းများကိုလည်း တိုင်းဒေသကြီးဝန်ကြီး၊ လွှတ်တော်ကိုယ်စားလှယ်များနှင့် တာဝန်ရှိသူများက ပေးအပ်ခဲ့ကြသည်။

ယင်းနောက် မြိတ်ပြည်သူ့ဆေးရုံ ဆေးရုံအုပ်ကြီး ဦးဆောင်သည့် အထူးကုဆရာဝန်ကြီးများအဖွဲ့က တနင်္သာရီမြို့နယ် ပြည်သူ့ဆေးရုံတွင် ရေဘေးသင့်ပြည်သူများနှင့် ဒေသခံပြည်သူများကို ကျန်းမာရေးစောင့်ရှောက်မှုပေးနေမှုကို တိုင်းဒေသကြီးဝန်ကြီးနှင့်အဖွဲ့က သွားရောက်ကြည့်ရှုအားပေးခဲ့သည်။

အဆိုပါ ကွင်းဆင်းဆေးကုသမှုတွင် အထွေထွေရောဂါဆေးပညာ၊ ခွဲစိတ်လူနာ၊ ကလေးလူနာ၊ သားဖွားမီးယပ်လူနာ၊ အရိုးလူနာ၊ မျက်စိလူနာ၊ နား၊ နှာခေါင်း၊ လည်ချောင်းလူနာ၊ အရေပြားလူနာ၊ သွားရောဂါနှင့် ဓာတ်ခွဲစမ်းသပ်စစ်ဆေးခြင်းများအပါအဝင် လူနာစုစုပေါင်း ၂၇၅ ဦးကို ဆေးကုသမှုနှင့် ကျန်းမာရေးစောင့်ရှောက်မှုများ ပေးအပ်ခဲ့သည်။

ဆက်လက်၍ တနင်္သာရီမြို့အတွင်း ရေဝင်ရောက်နေသည့် အနိမ့်ပိုင်းနေရာများ၊ လမ်းများ၊ ရေဝင်ရောက်နေသည့် မြို့ရိုးတာဘောင်များ၊ တာပတ်လုပ်ငန်း ဆောင်ရွက်မည့်နေရာ၊ စာသင်ကျောင်းနှင့် မြို့အတွင်း ဝင်ရောက်နေသည့်ရေများကို စုပ်ထုတ်ပေးနေသည့် ရေစုပ်စက်ရုံတို့ကို သွားရောက်ကြည့်ရှုစစ်ဆေးခဲ့သည်။

ထိုသို့စစ်ဆေးရာတွင် မြစ်ရေကျဆင်းသွားချိန်၌ သန့်ရှင်းရေးလုပ်ငန်းများကို စုပေါင်းဆောင်ရွက်ရန်၊ စာသင်ကျောင်းများ ပြန်လည်ဖွင့်လှစ်ချိန်တွင် သင်ကြားသင်ယူမှုအတွက် လိုအပ်ချက်များ ဖြည့်ဆည်းပေးနိုင်ရေးနှင့် လိုအပ်သည်များကို ပူးပေါင်းဆောင်ရွက်နိုင်ရေးအတွက် တာဝန်ရှိသူများအား တိုင်းဒေသကြီးဝန်ကြီးက ညှိနှိုင်းမှာကြားခဲ့သည်။

ထို့နောက် မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေးခန်းမတွင် တိုင်းဒေသကြီးဝန်ကြီးနှင့်အဖွဲ့သည် မြို့နယ်သဘာဝဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုအဖွဲ့မှ တာဝန်ရှိသူများနှင့် တွေ့ဆုံကာ ရေဘေးသင့်ပြည်သူများအား ထောက်ပံ့ရေး၊ ကျန်းမာရေးစောင့်ရှောက်မှုပေးရေး၊ ပြန်လည်ထူထောင်ရေးနှင့် ရေကြီးရေလျှံမှု ကာကွယ်ရေးလုပ်ငန်းများကို ကဏ္ဍအလိုက် ပူးပေါင်းဆောင်ရွက်ရေး ညှိနှိုင်းဆွေးနွေးခဲ့သည်။

ထို့အပြင် ပြည်သူများ ရေဘေးအန္တရာယ်မှ ကာကွယ်နိုင်ရေးနှင့် ပျက်စီးဆုံးရှုံးမှုများ လျော့နည်းစေရေးအတွက် မြို့နယ်သဘာဝဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုအထောက်အကူပြုအဖွဲ့ကို ဖွဲ့စည်းဆောင်ရွက်ခဲ့ကြောင်း သိရသည်။

တနင်္သာရီမြစ်ရေ မြင့်တက်မှုကြောင့် ရေဘေးသင့်ပြည်သူများအနေဖြင့် ယာယီကယ်ဆယ်ရေးစခန်း ၁၀ ခုတွင် အိမ်ထောင်စု ၃၆၉ စု၊ လူဦးရေ ၁,၇၇၁ ဦး ယာယီပြောင်းရွှေ့နေထိုင်လျက်ရှိပြီး အနိမ့်ပိုင်းဒေသများရှိ စာသင်ကျောင်း ၁၉ ကျောင်းကိုလည်း ယာယီပိတ်ထားရကြောင်း တနင်္သာရီမြို့နယ် သဘာဝဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုအဖွဲ့ထံမှ သိရသည်။

Telegram -t.me/positiveanglenews

#PAN