(နိုင်ငံတကာ) စက်တင်ဘာ ၇
အမေရိကန်နိုင်ငံ မိုင်ယာမီအပြည်ပြည်ဆိုင်ရာလေဆိပ်တွင် Amazon Prime Air ကုန်တင်လေယာဉ်တစ်စင်း ဆင်းသက်စဉ် ပြေးလမ်းကျော်လွန်ပျက်ကျပြီး မြေပြင်ရှိယာဉ်များကို ဝင်တိုက်ခဲ့သဖြင့် အနည်းဆုံး လူ ၅ ဦး သေဆုံးပြီး ၅ ဦး ဒဏ်ရာရရှိခဲ့ကြောင်း ဒေသခံတာဝန်ရှိသူများက ပြောကြားသည်။

Prime Air Flight 7598 သည် အမေရိကန်အရှေ့ပိုင်းစံတော်ချိန် တနင်္ဂနွေနေ့ မွန်းလွဲ ၂ နာရီမတိုင်မီတွင် မိုင်ယာမီအပြည်ပြည်ဆိုင်ရာလေဆိပ်၏ ထောင့်ဖြတ်ပြေးလမ်းကို ကျော်လွန်ကာ မြေပြင်ပေါ်ရှိ ယာဉ်အများအပြားကို ဝင်တိုက်ခဲ့ကြောင်း တနင်္ဂနွေနေ့ မွန်းလွဲပိုင်း သတင်းစာရှင်းလင်းပွဲတွင် တာဝန်ရှိသူများက ပြောသည်။
အဆိုပါဖြစ်စဉ်ကြောင့် လူ ၅ ဦး ဒဏ်ရာရရှိခဲ့ပြီး ၎င်းတို့အနက် ၃ ဦးမှာ စိုးရိမ်ရသည့်အခြေအနေတွင် ရှိနေကြောင်း Miami-Dade မီးသတ်ဌာနအကြီးအကဲ Ray Jadallah က ပြောကြားသည်။ လေယာဉ်တိုက်မိခဲ့သည့် ယာဉ်များအတွင်း အနည်းဆုံး လူ ၂ ဦး ပိတ်မိနေခဲ့သကဲ့သို့ လေယာဉ်မှူးနှင့် တွဲဖက်လေယာဉ်မှူးတို့လည်း လေယာဉ်အတွင်း ပိတ်မိနေခဲ့ကြောင်း ၎င်းက ဆိုသည်။
သေဆုံးသူများ၏ အမည်များကို တာဝန်ရှိသူများက ထုတ်ပြန်ခြင်း မရှိသေးပေ။
အခင်းဖြစ်ပွားရာသို့ ကယ်ဆယ်ရေးယူနစ် ၆၀ ကျော်နှင့် ဝန်ထမ်းအင်အား ၂၀၀ ခန့် လာရောက်တုံ့ပြန်ခဲ့ကြောင်း Miami-Dade Fire Rescue က ထုတ်ပြန်သည်။ တနင်္ဂနွေနေ့ မွန်းလွဲပိုင်းနှောင်းပိုင်းအထိ လေယာဉ်မှ လောင်စာဆီယိုစိမ့်မှု ဖြစ်ပေါ်နေဆဲဖြစ်သဖြင့် အရေးပေါ်တပ်ဖွဲ့များက ဆက်လက်ကိုင်တွယ်ဖြေရှင်းခဲ့ရကြောင်း Ray Jadallah က ပြောသည်။
လေယာဉ်ပျက်ကျပြီးနောက် မိုင်ယာမီအပြည်ပြည်ဆိုင်ရာလေဆိပ်ရှိ ပျံသန်းမှုအားလုံးကို ချက်ချင်းရပ်ဆိုင်းခဲ့သော်လည်း တနင်္ဂနွေနေ့ ညနေပိုင်းတွင် ပြေးလမ်း ၄ ခုအနက် ၂ ခုကို ပြန်လည်ဖွင့်လှစ်နိုင်ခဲ့သည်။
အဆိုပါလေယာဉ်သည် Puerto Rico ပြည်နယ် San Juan မြို့မှ ထွက်ခွာလာသည့် သက်တမ်း ၃၂ နှစ်ရှိ Boeing 767-300 ကုန်တင်လေယာဉ်ဖြစ်ပြီး ၁၉၉၄ ခုနှစ်မှ ၂၀၁၅ ခုနှစ်အထိ လေကြောင်းလိုင်းအမျိုးမျိုးတွင် ခရီးသည်တင်လေယာဉ်အဖြစ် ပြေးဆွဲခဲ့ကြောင်း လေယာဉ်ပျံသန်းမှုခြေရာခံဝန်ဆောင်မှု Flightradar24 အရ သိရသည်။
Amazon ပြောရေးဆိုခွင့်ရှိသူ၏ ထုတ်ပြန်ချက်အရ ကုန်တင်လေကြောင်းလိုင်း 21 Air သည် အဆိုပါလေယာဉ်ကို Amazon အတွက် ပြေးဆွဲပေးနေခြင်းဖြစ်သည်။
21 Air က ၎င်း၏ဝက်ဘ်ဆိုက်တွင် ထုတ်ပြန်ရာတွင် မိုင်ယာမီတွင် ဖြစ်ပွားခဲ့သည့် လေယာဉ်မတော်တဆမှုအတွက် အလွန်ဝမ်းနည်းကြေကွဲရကြောင်းနှင့် အသက်ဆုံးရှုံးခဲ့သူများ၏ မိသားစုများနှင့် ချစ်ခင်ရသူများအတွက် အလွန်အမင်း ဝမ်းနည်းကြောင်း ဖော်ပြထားသည်။
လေယာဉ်ပျက်ကျပြီးနောက် ရိုက်ကူးထားသည့် Reuters ဓာတ်ပုံများတွင် လေယာဉ်၏ နှာခေါင်းပိုင်းသည် မြေပြင်နှင့်ထိနေပြီး အမြီးပိုင်းမှာ အပေါ်သို့ ထောင်နေသည်ကို တွေ့ရသည်။ လေယာဉ်၏ ညာဘက်ခြမ်းတွင်လည်း မီးလောင်ကျွမ်းထားသည့်ပုံစံ အမဲစင်းများ တွေ့ရသည်။
Flightradar24 ၏ အချက်အလက်များအရ လေယာဉ်သည် အသုံးပြုနေသည့် ပြေးလမ်းမှ ထွက်ခွာသွားချိန်တွင် တစ်နာရီလျှင် ၁၁၂ knots သို့မဟုတ် ၁၂၉ မိုင်ခန့် အမြန်နှုန်းဖြင့် ရွေ့လျားနေခဲ့သည်။
အမေရိကန်နိုင်ငံ၏ အရပ်ဘက်လေကြောင်းမတော်တဆမှုများကို စုံစမ်းစစ်ဆေးသည့် National Transportation Safety Board (NTSB) က အဆိုပါဖြစ်စဉ်ကို စုံစမ်းစစ်ဆေးရန် ဥက္ကဋ္ဌ Jennifer Homendy ဦးဆောင်သည့် အဖွဲ့ကို မိုင်ယာမီသို့ စေလွှတ်ထားကြောင်း ပြောကြားခဲ့ပြီး တနင်္လာနေ့တွင် ပထမဆုံး မီဒီယာရှင်းလင်းပွဲ ပြုလုပ်မည်ဖြစ်ကြောင်း သိရသည်။
Amazon သည် ဖြစ်စဉ်နှင့်ပတ်သက်သည့် အသေးစိတ်အချက်အလက်များကို ဆက်လက်စုဆောင်းနေဆဲဖြစ်ကြောင်း ကုမ္ပဏီပြောရေးဆိုခွင့်ရှိသူ Kelly Nantel က ပြောသည်။ လက်ရှိတွင် ဒေသခံအာဏာပိုင်များနှင့် တာဝန်ရှိသူများနှင့် အနီးကပ်ပူးပေါင်းဆောင်ရွက်နေပြီး ပါဝင်ပတ်သက်သူအားလုံး၏ ဘေးကင်းလုံခြုံရေး၊ ကျန်းမာချမ်းသာရေးနှင့် စောင့်ရှောက်မှုကို အဓိကဦးစားပေးထားကြောင်း ၎င်းက ဆိုသည်။
Boeing နှင့် 21 Air တို့ကလည်း အဆိုပါလေယာဉ်ပျက်ကျမှုနှင့်ပတ်သက်၍ အစိုးရ၏ စုံစမ်းစစ်ဆေးမှုများကို ပံ့ပိုးပေးမည်ဖြစ်ကြောင်း ပြောကြားထားသည်။
ယခုဖြစ်စဉ်သည် Amazon Prime Air အတွက် အသက်ဆုံးရှုံးမှုဖြစ်စေသည့် ပထမဆုံးလေယာဉ်မတော်တဆမှု မဟုတ်ပေ။ ၂၀၁၉ ခုနှစ် ဖေဖော်ဝါရီလတွင် Miami မှ Houston သို့ Amazon Prime Air ကိုယ်စား ပြေးဆွဲနေသည့် Atlas Air Flight 3591 Boeing 767-300 ကုန်တင်လေယာဉ်သည် အမြင့်ပေ အလျင်အမြန်ကျဆင်းကာ Texas ပြည်နယ် Trinity Bay အတွင်းသို့ ပျက်ကျခဲ့ပြီး လေယာဉ်ပေါ်ပါ လူ ၃ ဦးစလုံး သေဆုံးခဲ့သည်။
လက်ရှိတွင် မိုင်ယာမီလေဆိပ် လေယာဉ်ပျက်ကျမှု၏ အကြောင်းရင်းနှင့် ဖြစ်စဉ်အတွင်း အတိအကျဖြစ်ပျက်ခဲ့သည့် အခြေအနေများကို NTSB ဦးဆောင်သည့် စုံစမ်းစစ်ဆေးမှုအဖွဲ့က ဆက်လက်စစ်ဆေးနေကြောင်း သိရသည်။
Telegram – t.me/positiveanglenews
#PAN