ဟော်မုဇ်ရေလက်ကြား ထိန်းချုပ်ခွင့် IRGC ထံ ပြန်ပေးမည့် သဘောတူညီချက်ကို Trump လက်ခံရန် ခက်ခဲနိုင်ဟု လေ့လာသူများသုံးသပ်

(နိုင်ငံတကာ) စက်တင်ဘာ ၄

အမေရိကန်အစိုးရအဖွဲ့က အင်အားကြီး Islamic Revolutionary Guard Corps (IRGC) အပါအဝင် အီရန်နိုင်ငံ၏ တင်းမာသောသဘောထားရှိသူများကို စီးပွားရေးအရ အင်အားချည့်နဲ့စေရန် ကြိုးပမ်းရာတွင် တိုးတက်မှုများ ရှိနေကြောင်း ဆက်လက်ပြောဆိုထားသည်။

လက်ရှိအခြေအနေတွင် အီရန်အား ဟော်မုဇ်ရေလက်ကြားကို ပြန်လည်ထိန်းချုပ်နိုင်သည့် အနေအထားသို့ ရောက်ရှိစေမည့် မည်သည့်အစီအစဉ်ကိုမဆို အမေရိကန်သမ္မတ Donald Trump အနေဖြင့် သဘောတူရန် အလွန်ခက်ခဲနိုင်ကြောင်း လေ့လာသုံးသပ်သူများက ပြောသည်။

Trump ၏ ပထမသမ္မတသက်တမ်းအတွင်း အီရန်မူဝါဒဆိုင်ရာ အကြီးတန်းအကြံပေးအဖြစ် တာဝန်ထမ်းဆောင်ခဲ့သူ Richard Goldberg က ဟော်မုဇ်ရေလက်ကြားအပေါ် IRGC ၏ ထိန်းချုပ်မှုကို အနည်းငယ်မျှပင် ပြန်လည်ပေးအပ်မည့် သဘောတူညီချက်မျိုးကို သမ္မတ Trump က လက်ခံမည်ဟု ယုံကြည်ရန် ခက်ခဲကြောင်း ပြောသည်။

Carnegie Endowment for International Peace ၏ အကြီးတန်းအဖွဲ့ဝင် Aaron David Miller ကလည်း အီရန်နိုင်ငံ၏ စီးပွားရေးအပေါ် အကြီးအကျယ် နာကျင်ထိခိုက်မှုများ ဖြစ်ပေါ်နေသော်လည်း အီရန်အနေဖြင့် Trump အား “အကျပ်အတည်းထဲကနေ လွတ်မြောက်ခွင့်ပေးရန်” အသင့်ရှိပုံ မရကြောင်း သုံးသပ်သည်။

တစ်ချိန်တည်းတွင် Miller က Trump သည် အမေရိကန်ကြားဖြတ်ရွေးကောက်ပွဲများ မတိုင်မီ လက်ရှိအခြေအနေကို ထိန်းထားနိုင်မည့် မူဝါဒတစ်ရပ်တွင် အခြေချလာပုံရကြောင်း ပြောသည်။

အဆိုပါမူဝါဒမှာ အီရန်အပေါ် အပြည့်အဝ ပြင်းထန်သည့် ဗုံးကြဲတိုက်ခိုက်မှုများ ပြန်လည်စတင်ခြင်းကို ရှောင်ရှားသကဲ့သို့ ဟော်မုဇ်ရေလက်ကြားနှင့် ပတ်သက်၍ တီဟီရန်ဘက်သို့ ကြီးမားသည့် အလျှော့ပေးမှုများ ပြုလုပ်ခြင်းကိုလည်း ရှောင်ရှားသည့် လမ်းကြောင်းဖြစ်ကြောင်း ၎င်းက ဆိုသည်။

Miller ၏ သုံးသပ်ချက်အရ အိမ်ဖြူတော်သည် အကြီးအကျယ် စစ်ပွဲတစ်ရပ်ကို မလိုလားသကဲ့သို့ ကြီးမားသည့် အလျှော့ပေးမှုများ ပြုလုပ်နေသည်ဟုလည်း မမြင်စေလိုသဖြင့် လက်ရှိတွင် အဆိုပါလမ်းကြောင်းနှစ်ရပ်စလုံးကို ရှောင်ရှားထားသည့် မူဝါဒကို ရွေးချယ်ထားခြင်းဖြစ်သည်။