ဟော်မုဇ်ရေလက်ကြားမှ ရေနံစီးဆင်းမှု လျော့နည်းနေဆဲဖြစ်သော်လည်း Brent ရေနံဈေး တစ်စည် ၉၅ ဒေါ်လာကျော်အထိ မြင့်တက်

(နိုင်ငံတကာ) စက်တင်ဘာ ၄

အီရန်နှင့် အမေရိကန်တို့အကြား ပဋိပက္ခများကြောင့် ဟော်မုဇ်ရေလက်ကြားမှ ရေနံစီးဆင်းမှုမှာ စစ်ပွဲမတိုင်မီအဆင့်ထက် များစွာလျော့နည်းနေဆဲဖြစ်သော်လည်း နိုင်ငံတကာစံညွှန်း Brent ရေနံစိမ်းဈေးနှုန်းသည် ကြာသပတေးနေ့တွင် တစ်စည်လျှင် အမေရိကန်ဒေါ်လာ ၉၅ ကျော်အထိ မြင့်တက်ခဲ့ကြောင်း သိရသည်။

ပဋိပက္ခမစတင်မီတစ်ရက်တွင် Brent ရေနံဈေးနှုန်းမှာ တစ်စည်လျှင် အမေရိကန်ဒေါ်လာ ၇၂ ခန့်သာ ရှိခဲ့ခြင်းဖြစ်သည်။

သမ္မတ Donald Trump နှင့် ၎င်း၏ အကြံပေးများက စစ်ပွဲမစတင်မီ ကမ္ဘာ့ရေနံစီးဆင်းမှု၏ ၂၀ ရာခိုင်နှုန်းခန့်ကို ဖြတ်သန်းသယ်ယူပေးခဲ့သည့် ဟော်မုဇ်ရေလက်ကြားကို အမေရိကန်ရေတပ်က ထိန်းချုပ်ထားကြောင်း အခိုင်အမာ ပြောဆိုထားသည်။

ထို့အပြင် စစ်ပွဲမတိုင်မီအဆင့်နီးပါးရှိသည့် ပင်လယ်ကွေ့ဒေသမှ ရေနံများသည် ယခုအခါ အဆိုပါအရေးပါသည့် ရေလမ်းကြောင်းမှတစ်ဆင့် ပြန်လည်ထွက်ခွာနေကြောင်း အမေရိကန်အစိုးရဘက်က ပြောကြားထားသည်။

အမေရိကန် ဒုတိယသမ္မတ JD Vance က ဗုဒ္ဓဟူးနေ့တစ်ရက်တည်းတွင် အမေရိကန်က ရေနံစည် ၁၅ သန်းခန့်ကို အစောင့်အကြပ်ပေးခဲ့ကြောင်း ကြာသပတေးနေ့ သတင်းစာရှင်းလင်းပွဲတွင် ပြောသည်။

ယင်းမတိုင်မီ ဗုဒ္ဓဟူးနေ့တွင် စွမ်းအင်ဝန်ကြီး Chris Wright က CNBC သို့ ပြောကြားရာ၌ တနင်္လာနေ့တွင် အမေရိကန်ရေတပ်၏ အကူအညီဖြင့် ရေနံစည် ၁၇ သန်း ဖြတ်သန်းသယ်ယူနိုင်ခဲ့ကြောင်း ဆိုသည်။

စစ်ပွဲမစတင်မီက ပင်လယ်ကွေ့ဒေသမှ ရေနံစည် ၂၀ သန်းခန့်သည် ဟော်မုဇ်ရေလက်ကြားမှတစ်ဆင့် နေ့စဉ်ဖြတ်သန်းစီးဆင်းခဲ့သည်။

သို့သော် လွတ်လပ်သော ရေကြောင်းသွားလာမှု ခြေရာခံကုမ္ပဏီများ၏ အချက်အလက်များအရ ဟော်မုဇ်ရေလက်ကြားမှ သင်္ဘောဖြတ်သန်းမှုမှာ စစ်ပွဲမတိုင်မီအဆင့်ထက် များစွာနည်းပါးနေဆဲဖြစ်သည်။

သင်္ဘောပို့ဆောင်ရေးအချက်အလက်ကုမ္ပဏီ Lloyd’s List Intelligence ၏ အချက်အလက်များအရ ပြီးခဲ့သည့်သီတင်းပတ်တွင် ဟော်မုဇ်ရေလက်ကြားဖြတ်သန်းမှု ၁၀၂ ကြိမ်ရှိခဲ့ပြီး ယခင်သီတင်းပတ်တွင် ၁၂၆ ကြိမ်ရှိခဲ့သည်။ စစ်ပွဲမတိုင်မီကမူ တစ်ရက်လျှင် ၁၃၀ ကြိမ် သို့မဟုတ် ထိုထက်ပို၍ ဖြတ်သန်းခဲ့ကြသည်။

ထို့အပြင် TankerTrackers.com ၏ အချက်အလက်များအရ ပြီးခဲ့သည့် ၂၈ ရက်အတွင်း ဟော်မုဇ်ရေလက်ကြားမှ ပျမ်းမျှအားဖြင့် တစ်ရက်လျှင် ရေနံစည် ၅ သန်း ထွက်ခွာခဲ့သည်။ အခြားမကြာသေးမီ ခန့်မှန်းချက်များတွင် တစ်ရက်လျှင် ရေနံစည် ၂ သန်းမှ ၆ သန်းအထိ ကွာခြားမှုရှိခဲ့သည်။

ကမ္ဘာ့ဈေးကွက်များ စိုးရိမ်တုန်လှုပ်လာသည့်အချိန်တိုင်း Trump သည် ညှိနှိုင်းဆွေးနွေးမှုများတွင် တိုးတက်မှုရှိကြောင်း အကြိမ်ကြိမ်ပြောဆိုခဲ့သလို စစ်ရေးအရ အရေးယူမည့် ခြိမ်းခြောက်မှုများကိုလည်း နောက်ဆုံးအချိန်တွင် ပြန်လည်ရုပ်သိမ်းခဲ့သည်။

Trump ၏ ငြိမ်းချမ်းရေးဆိုင်ရာ ပြောဆိုချက်များနှင့် တိုးတက်မှုရှိကြောင်း အရိပ်အမြွက်ပြောဆိုမှုများအပေါ် ဈေးကွက်များကလည်း လျင်မြန်စွာ တုံ့ပြန်ခဲ့ကြသည်။

Defense Priorities ၏ အရှေ့အလယ်ပိုင်းရေးရာ ဒါရိုက်တာ Rosemary Kelanic က အစိုးရအဖွဲ့၏ ရေနံစီးဆင်းမှု သိသိသာသာတိုးလာကြောင်း ပြောဆိုမှုများနှင့်ပတ်သက်၍ အစိုးရအနေဖြင့် ရေနံဈေးကွက်ကို စကားလုံးများဖြင့် ဖိအားပေးနေဆဲဖြစ်ပြီး ဈေးနှုန်းများ အလွန်အမင်းမမြင့်တက်စေရန်နှင့် ပိုမိုဆိုးရွားသည့် ဈေးနှုန်းမြင့်တက်မှု မဖြစ်မီ အချိန်ကာလကို တိုးချဲ့ရန် ကြိုးပမ်းနေခြင်းဖြစ်နိုင်ကြောင်း သုံးသပ်သည်။

အမေရိကန်၏ စစ်ရေးလှုပ်ရှားမှုများကို ရင်ဆိုင်ရာတွင် အီရန်က နောက်ဆုတ်ရန် ငြင်းဆန်နေသဖြင့် Trump သည် စီးပွားရေးဖိအားပေးမှုနှင့် လိုအပ်ပါက စစ်ရေးအင်အား တိုးမြှင့်အသုံးပြုမည့် ခြိမ်းခြောက်မှုတို့ကို ပေါင်းစပ်ထားသည့် နည်းလမ်းကို ကျင့်သုံးရန် ဆုံးဖြတ်ထားသည်။

Trump က အမေရိကန်နှင့် အစ္စရေးတို့ ပူးတွဲစတင်ခဲ့သည့် စစ်ရေးလှုပ်ရှားမှုသည် အီရန်ရေတပ်နှင့် လေတပ်အတွက် အကြီးအကျယ် ထိခိုက်ပျက်စီးစေခဲ့ကြောင်း အစဉ်တစိုက် အလေးပေးပြောဆိုခဲ့သည်။ အီရန်တာဝန်ရှိသူများကမူ နိုင်ငံအနေဖြင့် တိုက်ရိုက်နှင့် သွယ်ဝိုက်ထိခိုက်မှု အမေရိကန်ဒေါ်လာ ၂၇၀ ဘီလီယံ ခံစားခဲ့ရကြောင်း ပြောသည်။

စစ်ပွဲ၏ ပထမဆုံးရက်သတ္တပတ်များအတွင်း အစ္စရေးစစ်တပ်၏ တိုက်ခိုက်မှုများကြောင့် အီရန်၏ ဘာသာရေးအခြေပြုအစိုးရ၏ ခေါင်းဆောင်မှုဖွဲ့စည်းပုံ အများအပြား ပျက်စီးခဲ့ပြီး ယင်းတွင် အမြင့်ဆုံးခေါင်းဆောင် Ayatollah Ali Khamenei လည်း ပါဝင်ခဲ့သည်။

သို့သော် အီရန်သည် ဟော်မုဇ်ရေလက်ကြားနှင့် အမေရိကန်၏ ပင်လယ်ကွေ့မဟာမိတ်နိုင်ငံများကို ကိုယ်တိုင်ပြန်လည်တိုက်ခိုက်ခြင်းမှတစ်ဆင့် ဖိအားပေးနိုင်သည့် အားသာချက်တစ်ရပ် ရရှိထားသည်။

တစ်ချိန်တည်းတွင် အမေရိကန်အစိုးရအဖွဲ့က ရေနံများ ပိုမိုဖြတ်သန်းလာနေသည်ဟု ပြောဆိုနေသော်လည်း ဟော်မုဇ်ရေလက်ကြား၏ အရေးပါမှုမှာ တစ်ရက်ပြီးတစ်ရက် လျော့နည်းလာမည်ဟု ပြသရန်လည်း ကြိုးပမ်းနေသည်။

အမေရိကန်ဘဏ္ဍာရေးဝန်ကြီး Scott Bessent က ယခုသီတင်းပတ်အတွင်း Fox Business နှင့် တွေ့ဆုံမေးမြန်းခန်းတွင် ဒေသတွင်းအတွက် စီစဉ်ထားသည့် ကုန်းတွင်းရေနံပိုက်လိုင်းအသစ်များကြောင့် စွမ်းအင်သယ်ယူပို့ဆောင်ရေးအတွက် အရေးပါသည့် ဟော်မုဇ်ရေလက်ကြားကို ရှောင်ကွင်းနိုင်မည်ဖြစ်ပြီး နှစ်နှစ်အတွင်း ယင်းရေလက်ကြားသည် “တန်ဖိုးမရှိတဲ့ ရေပြင်တစ်ခု” ဖြစ်လာမည်ဟု ပြောသည်။

Trump ကိုယ်တိုင်လည်း ကြာသပတေးနေ့တွင် လူမှုမီဒီယာပေါ်သို့ ဝင်ရောက်ကာ ဆီးရီးယားနိုင်ငံ မြေထဲပင်လယ်ကမ်းရိုးတန်းရှိ Baniyas ဆိပ်ကမ်းကို ပင်လယ်ကွေ့ဒေသမှ ပို့ကုန်လုပ်ငန်းရှင်များအတွက် အနောက်ဘက်သို့ နိုင်ငံတကာဈေးကွက်များသို့ သွားရောက်နိုင်သည့် လမ်းကြောင်းအဖြစ် ပြောင်းလဲရန် ကြိုးပမ်းနေသည့် သတင်းတစ်ရပ်ကို အလေးပေးဖော်ပြခဲ့သည်။

တစ်ချိန်တည်းတွင် အီရန်နှင့် အိုမန်တို့သည် ဟော်မုဇ်ရေလက်ကြားမှ သင်္ဘောသွားလာမှုကို အဆင့်လိုက် ပူးတွဲစီမံခန့်ခွဲနိုင်ရေးအတွက် မကြာသေးမီက ဆွေးနွေးမှုများ ပြုလုပ်ခဲ့ကြသည်။