


(ပြည်တွင်း) စက်တင်ဘာ ၃
ပဲခူးတိုင်းဒေသကြီး၊ ပဲခူးမြို့တွင် မိုးသည်းထန်စွာ အဆက်မပြတ်ရွာသွန်းပြီး ပဲခူးမြစ်ရေ မြင့်တက်လာခြင်းကြောင့် စက်တင်ဘာ ၂ ရက် မွန်းလွဲပိုင်းမှစတင်ကာ မြို့ပေါ်ရပ်ကွက်အချို့တွင် ရေဝင်ရောက်လာသဖြင့် ယာယီရေဘေးရှောင်စခန်းများ ဖွင့်လှစ်ထားပြီး ရေဘေးသင့်ပြည်သူ ၄၉၄ ဦးကို ရွှေ့ပြောင်းပေးထားကြောင်း လူမှုကူညီရေးအဖွဲ့များနှင့် ဒေသအုပ်ချုပ်ရေးအဖွဲ့များထံမှ သိရသည်။
ပဲခူးမြို့တွင် မင်္ဂလာဇေယျုံဘုန်းတော်ကြီးကျောင်း၊ ကလျာဏီသိမ်ဘုန်းတော်ကြီးကျောင်း ဓမ္မာရုံ၊ ဝင်္ဂဘာဘုန်းတော်ကြီးကျောင်း ဓမ္မာရုံ၊ လေးမျက်နှာဘုရား ဓမ္မာရုံနှင့် ဓမ္မိကာရာမဘုန်းတော်ကြီးကျောင်း ဆွမ်းစားကျောင်းဆောင်တို့၌ ယာယီရေဘေးရှောင်စခန်းများ ဖွင့်လှစ်ထားကြောင်း လူမှုကူညီရေးအဖွဲ့များက ပြောသည်။
အဆိုပါ ယာယီရေဘေးရှောင်စခန်းများသို့ အိမ်ထောင်စု ၁၂၆ စုမှ ရေဘေးသင့်ပြည်သူ စုစုပေါင်း ၄၉၄ ဦးကို ရွှေ့ပြောင်းပေးထားကြောင်း ဒေသအုပ်ချုပ်ရေးအဖွဲ့များထံမှ သိရသည်။ထို့အပြင် ရေဝင်ရောက်နေသည့် ရပ်ကွက်များရှိ အခြေခံပညာကျောင်းအချို့ကိုလည်း ယာယီပိတ်ထားကြောင်း သိရသည်။
ပဲခူးမြို့တွင် ရေဘေးအခြေအနေများ ဖြစ်ပေါ်လာပါက အချိန်နှင့်တစ်ပြေးညီ တုံ့ပြန်ဆောင်ရွက်နိုင်ရန် ပဲခူးတိုင်းဒေသကြီး ကြက်ခြေနီကြီးကြပ်မှုကော်မတီရုံး၌ အရေးပေါ်ကွပ်ကဲရေးစင်တာ (Emergency Operations Center – EOC) ကို ဖွင့်လှစ်ထားကြောင်း သိရသည်။
အဆိုပါ EOC မှတစ်ဆင့် ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးချုပ် ဦးဆောင်သည့် တိုင်းဒေသကြီးအစိုးရအဖွဲ့ဝင် ဝန်ကြီးများ၊ တိုင်း၊ ခရိုင်နှင့် မြို့နယ်အဆင့် ဌာနဆိုင်ရာများက လိုအပ်သည့် ကူညီကယ်ဆယ်ရေးနှင့် တုံ့ပြန်ဆောင်ရွက်မှုများကို ပူးပေါင်းဖြည့်ဆည်း ဆောင်ရွက်ပေးနေကြောင်း သိရသည်။
စက်တင်ဘာ ၃ ရက် နံနက် ၆ နာရီခွဲအချိန် တိုင်းတာချက်များအရ ပဲခူးမြစ်ရေသည် ပဲခူးမြို့တွင် စိုးရိမ်ရေမှတ်အထက် ၁ ပေ ၅ လက်မခန့် ကျော်လွန်ရောက်ရှိနေကြောင်း မိုးလေဝသနှင့် ဇလဗေဒညွှန်ကြားမှုဦးစီးဌာနက ထုတ်ပြန်ထားသည်။
အဆိုပါ မြစ်ရေသည် နောက်တစ်ရက်အတွင်း ၆ လက်မခန့် ကျဆင်းလာနိုင်သော်လည်း စိုးရိမ်ရေမှတ်အထက်တွင် ဆက်လက်တည်ရှိနိုင်ကြောင်း မိုးလေဝသနှင့် ဇလဗေဒညွှန်ကြားမှုဦးစီးဌာနက ခန့်မှန်းထားသည်။
လက်ရှိတွင် ပဲခူးမြို့၌ ရေဘေးသင့်ပြည်သူများအား ယာယီရေဘေးရှောင်စခန်းများသို့ ရွှေ့ပြောင်းပေးထားပြီး ရေဘေးအခြေအနေကို သက်ဆိုင်ရာဌာနများနှင့် လူမှုကူညီရေးအဖွဲ့များက ဆက်လက်စောင့်ကြည့်ကာ လိုအပ်သည့် ကူညီကယ်ဆယ်ရေးလုပ်ငန်းများ ပူးပေါင်းဆောင်ရွက်နေကြောင်း သိရသည်။