မန္တလေးမှာ အွန်လိုင်းလိမ်လည်လုပ်ငန်းလုပ်ကိုင်သူ ၁၀ ဦးခန့်ကို တပ်နဲ့ရဲ ဝင်ရောက်ဖမ်းဆီး

(မှုခင်း) စက်တင်ဘာ ၃

မန္တလေးမြို့၊ မဟာအောင်မြေမြို့နယ်အတွင်းမှာ အွန်လိုင်းလိမ်လည်မှုတွေကို လုပ်ကိုင်ဆောင်ရွက်နေသူ ၁၀ ဦးခန့်ကို မြန်မာ့တပ်မတော်နဲ့ ရဲတပ်ဖွဲ့က ဝင်ရောက်ဖမ်းဆီးခဲ့တယ်လို့ ဒေသခံတွေရဲ့ ပြောဆိုချက်အရ သိရပါတယ်။

မဟာအောင်မြေမြို့နယ်အတွင်းက လမ်း ၈၀၊ ၃၉ လမ်းနဲ့ ၄၀ လမ်းကြားမှာရှိတဲ့ နေအိမ်တစ်အိမ်မှာ အွန်လိုင်းလိမ်လည်မှုလုပ်ငန်း (ကျားဖြန့်) လုပ်ကိုင်တယ်လို့ သတင်းတွေထွက်နေခဲ့တာကြောင့် တပ်နဲ့ရဲ ပူးပေါင်းအဖွဲ့က ဝင်ရောက်စီးနင်းခဲ့ကြတာ ဖြစ်ပါတယ်။

ရဲကားတွေအပြင် အချုပ်ကားတွေပါဝင်တဲ့ အင်အားအသင့်အတင့်ရှိတဲ့ တပ်နဲ့ရဲတွေဟာ အဆိုပါနေအိမ်ကို ဝင်စီးခဲပြီးနောက် အွန်လိုင်းလိမ်လည်မှုလုပ်ငန်းမှာ လုပ်ကိုင်နေကြတဲ့ လူ ၁၀ ဦးခန့်ကို ဖမ်းဆီးသွားတယ်လို့ သိရတာ ဖြစ်ပါတယ်။

လူတွေဖမ်းဆီးသွားတဲအပြင် နေအိမ်အတွင်းက အွန်လိုင်းငွေလိမ်လည်မှုတွေမှာ အသုံးပြုနေတဲ့ ကွန်ပျူတာ၊ လက်ပ်တော့နဲ့ မိုဘိုင်းဖုန်းတွေကိုလည်း သိမ်းဆည်းသွားခဲ့တယ်လို့လည်း သိရပါတယ်။

ထိုဖမ်းဆီခံရသူတွေထဲမှာ တရုတ်နိုင်ငံသားအချို့ ပါဝင်နေပြီး မြန်မာနိုင်ငံသား အမျိုးသား၊ အမျိုးသမီး လူငယ်၊လူလတ်ပိုင်းတွေလည်း ပါဝင်နေကြတယ်လို့ ဒေသခံတွေရဲ့ ပြောဆိုချက်အရ သိရပါတယ်။

ပြီးခဲ့တဲ့လပိုင်းကလည်း မဟာအောင်မြေမြို့နယ်မှာ အွန်လိုင်းလိမ်လည်မှုလုပ်ကိုင်နေတဲ့ နေအိမ်တစ်အိမ်ကို တပ်နဲ့ရဲက ဝင်ရောက်ဖမ်းဆီးမှုတွေလည်း ရှိခဲ့ပါတယ်။