တောင်ငူမြို့တွင် ကုန်တင်ကားနှစ်စီး တိုက်မိပြီး တစ်ဦး ကယ်ထုတ်ခဲ့ရ

(မှုခင်း) စက်တင်ဘာ ၃

ပဲခူးတိုင်းဒေသကြီး၊ တောင်ငူမြို့၊ ရန်ကုန်-မန္တလေးလမ်းဟောင်း၊ ရွှေဘိုလေးကွေ့တွင် ကုန်တင်ယာဉ်နှစ်စီး တိုက်မိမှုဖြစ်ပွားခဲ့ကြောင်း သိရသည်။

စက်တင်ဘာ ၃ ရက်နေ့ နံနက် ၅ နာရီအချိန်ခန့်က တောင်ငူမြို့ အမှတ် (၉) ရပ်ကွက်၊ အုတ်ကျွတ်တန်းရပ်ရှိ ရန်ကုန်-မန္တလေးလမ်းမဟောင်း မိုင်တိုင်အမှတ် (၁၅၉/၆) အနီးတွင် ၁၂ ဘီးကုန်တင်ယာဉ်နှင့် ၆ ဘီးကုန်တင်ယာဉ်တစ်စီး တိုက်မိခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

အဆိုပါ ယာဉ်တိုက်မှုကြောင့် ၁၂ ဘီးယာဉ်ပေါ်ပါ အမျိုးသားနှစ်ဦးအနက် တစ်ဦးမှာ ကားခေါင်းအတွင်း ညှပ်မိခဲ့ရာ တောင်ငူမြို့နယ်မီးသတ်စခန်းမှ မီးငြှိမ်းသတ်ယာဉ်တစ်စီး၊ မီးသတ်တပ်ဖွဲ့ဝင်များနှင့် တောင်ငူမြို့ခံပရဟိတအသင်းအဖွဲ့တို့က သွားရောက်ကူညီ၍ ကားခေါင်းအတွင်းညှပ်မိနေသော အမျိုးသားတစ်ဦးအား ကူညီကယ်ထုတ်နိုင်သည်။

စက်တင်ဘာ ၁ရက်နေ့ကလည်း အဆိုပါ ရွှေဘိုလေးအကွေ့တွင် ဆီဘောက်ဆာယာဥ်နှင့် ကုန်တင်ယာဥ်တို့ မျက်နှာချင်းဆိုင်တိုက်မိခဲ့ရာ မီးလောင်မှုဖြစ်ပွားခဲ့ပြီး အနီးရှိ ဘုန်းကြီးကျောင်းလည်း မီးလောင်ခဲ့ကြောင်း သိရသည်။