
(နိုင်ငံတကာ) စက်တင်ဘာ ၃
ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံတော် သမ္မတ ဦးမင်းအောင်လှိုင်နှင့် ဇနီးသည်သည် ဗီယက်နမ်ကွန်မြူနစ်ပါတီ ဗဟိုကော်မတီ အထွေထွေအတွင်းရေးမှူးနှင့် သမ္မတ တိုလမ်နှင့် ဇနီးသည်တို့၏ ဖိတ်ကြားချက်အရ စက်တင်ဘာ ၄ ရက်မှ ၆ ရက်အထိ ဗီယက်နမ်နိုင်ငံသို့ တရားဝင်ခရီးစဉ် သွားရောက်မည်ဖြစ်ကြောင်း နိုင်ငံခြားရေးဝန်ကြီးဌာနက စက်တင်ဘာ ၂ ရက် (အင်္ဂါနေ့) တွင် ထုတ်ပြန်ထားသည်။
အဆိုပါခရီးစဉ်သည် မြန်မာနိုင်ငံနှင့် ဗီယက်နမ်နိုင်ငံတို့အကြား နှစ်နိုင်ငံဆက်ဆံရေးနှင့် ပူးပေါင်းဆောင်ရွက်မှုများ တိုးမြှင့်ရန် ဆွေးနွေးမှုများ ပြုလုပ်ပြီးနောက် မကြာမီအချိန်အတွင်း ဖြစ်ပေါ်လာခြင်းဖြစ်သည်။
အထူးသဖြင့် ဩဂုတ် ၂၆ ရက်တွင် မြန်မာနိုင်ငံသို့ တရားဝင်ခရီးစဉ် လာရောက်ခဲ့သည့် ဗီယက်နမ်နိုင်ငံခြားရေးဝန်ကြီး လီဟိုင်းထရောင်၏ ခရီးစဉ်အပြီး ယခုတရားဝင်ခရီးစဉ် ထွက်ပေါ်လာခြင်းဖြစ်သည်။
အဆိုပါခရီးစဉ်အတွင်း ဗီယက်နမ်နိုင်ငံခြားရေးဝန်ကြီး လီဟိုင်းထရောင်နှင့် မြန်မာနိုင်ငံခြားရေးဝန်ကြီးတို့သည် ၁၀ ကြိမ်မြောက် ဗီယက်နမ်-မြန်မာ နှစ်နိုင်ငံ ပူးပေါင်းဆောင်ရွက်ရေး ပူးတွဲကော်မရှင်အစည်းအဝေးကို ပူးတွဲဥက္ကဋ္ဌများအဖြစ် ဆောင်ရွက်ခဲ့ကြသည်။
ပူးတွဲကော်မရှင်အစည်းအဝေးတွင် မြန်မာနိုင်ငံနှင့် ဗီယက်နမ်နိုင်ငံတို့က အခြေခံအဆောက်အအုံ၊ သတင်းအချက်အလက်နည်းပညာ၊ လူသုံးကုန်ပစ္စည်းထုတ်လုပ်ရေး၊ စိုက်ပျိုးရေးနှင့် ဒစ်ဂျစ်တယ်အသွင်ကူးပြောင်းရေး အပါအဝင် ကဏ္ဍများတွင် ပူးပေါင်းဆောင်ရွက်မှုများ မြှင့်တင်ရန် သဘောတူခဲ့ကြသည်။
ထို့အပြင် နှစ်နိုင်ငံအကြား ကုန်သွယ်ရေးနှင့် ရင်းနှီးမြှုပ်နှံမှုများ ပိုမိုလွယ်ကူချောမွေ့စေရန် ဆောင်ရွက်သွားမည်ဟုလည်း သဘောတူညီခဲ့ကြသည်။မြန်မာနိုင်ငံ သမ္မတ ဦးမင်းအောင်လှိုင်က မြန်မာနိုင်ငံတွင် လုပ်ငန်းများ ဆောင်ရွက်နေသည့် ဗီယက်နမ်စီးပွားရေးလုပ်ငန်းများကိုလည်း ပံ့ပိုးကူညီရန် ထောက်ခံကြောင်း ဖော်ပြခဲ့သည်။
အထူးသဖြင့် ဆက်သွယ်ရေး၊ ပညာရေး၊ စိုက်ပျိုးရေး၊ အစားအစာထုတ်လုပ်ရေး၊ ထောက်ပံ့ပို့ဆောင်ရေး၊ ဒစ်ဂျစ်တယ်အသွင်ကူးပြောင်းရေးနှင့် သိပ္ပံနှင့်နည်းပညာကဏ္ဍများတွင် ဗီယက်နမ်စီးပွားရေးလုပ်ငန်းများ၏ လုပ်ငန်းဆောင်ရွက်မှုများကို ပံ့ပိုးပေးရန် သမ္မတက ထောက်ခံကြောင်း ဗီယက်နမ်ဘက်က သတင်းတွေမှာဖော်ပြထားကြသည်။
ဗီယက်နမ်နိုင်ငံခြားရေးဝန်ကြီး လီဟိုင်းထရောင်သည် ဩဂုတ် ၂၆ ရက်တွင် မြန်မာနိုင်ငံသမ္မတ ဦးမင်းအောင်လှိုင်နှင့် တွေ့ဆုံခဲ့သည့်အပြင် ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌနှင့် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ (USDP) ဥက္ကဋ္ဌ ဦးခင်ရီတို့နှင့်လည်း တွေ့ဆုံခဲ့သည်။
ယင်းသို့ နှစ်နိုင်ငံအကြား အဆင့်မြင့်အရာရှိများ၏ အပြန်အလှန်တွေ့ဆုံမှုများနှင့် ပူးပေါင်းဆောင်ရွက်ရေးဆိုင်ရာ ဆွေးနွေးမှုများ ဆက်တိုက်ဖြစ်ပေါ်လာပြီးနောက် သမ္မတ ဦးမင်းအောင်လှိုင်၏ ဗီယက်နမ်နိုင်ငံ တရားဝင်ခရီးစဉ် ပေါ်ပေါက်လာခြင်းဖြစ်သည်။