အမေရိကန်ရေတပ်ဝန်ထမ်း ၅,၀၀၀ ကျော် ပတ္တယားသို့ ရောက်ရှိ၊ ၅ ရက်အတွင်း ဘတ်သန်း ၁၀၀ ခန့် ဝင်ငွေရရန် မျှော်မှန်း

(နိုင်ငံတကာ) စက်တင်ဘာ ၃

USS Abraham Lincoln မှ အမေရိကန်ရေတပ်ဝန်ထမ်း ၅,၀၀၀ ကျော်သည် ရက်ပေါင်း ၅ ရက်ကြာ ကမ်းခြေခွင့်အတွက် ထိုင်းနိုင်ငံ ပတ္တယားမြို့သို့ စတင်ဝင်ရောက်လာပြီး အဆိုပါခရီးစဉ်အတွင်း ဒေသတွင်းစီးပွားရေးအတွက် ဘတ်သန်း ၁၀၀ ခန့် ဝင်ငွေရရှိနိုင်မည်ဟု ပတ္တယားမြို့ တာဝန်ရှိသူများက ခန့်မှန်းထားသည်။

သင်္ဘောသားအဖွဲ့များသည် ချွန်ဘူရီခရိုင်ရှိ လမ်ချာဘန်နှင့် သီရာချာဆိပ်ကမ်းများ၏ သီးသန့်ဆိပ်ခံတံတားများ၌ နံနက်ပိုင်းက ဆင်းသက်ပြီးနောက် မွန်းလွဲ ၂ နာရီခန့်တွင် ဘတ်စ်ကားများနှင့် ဗင်ကားများဖြင့် ပတ္တယားမြို့ရှိ Hard Rock Hotel Pattaya သို့ ရောက်ရှိလာခဲ့ကြသည်။ အဆိုပါဟိုတယ်ကို အမေရိကန်ရေတပ်ဝန်ထမ်းများအတွက် အဓိက သယ်ယူပို့ဆောင်ရေးနှင့် ညှိနှိုင်းဆောင်ရွက်ရေးစင်တာအဖြစ် သတ်မှတ်ထားသည်။

ရေတပ်ဝန်ထမ်းများသည် ပတ္တယားနှင့် အနီးအနားဒေသများတွင် တစ်ညတာ နေထိုင်ရန် ခရီးဆောင်အိတ်များ ယူဆောင်လာခဲ့ကြပြီး ဒေသခံများနှင့် မီဒီယာအဖွဲ့များအား ရင်းနှီးစွာ နှုတ်ဆက်ခဲ့ကြသည်။ပတ္တယားမြို့တော်ဝန် Poramet Ngampichet၊ ရဲတပ်ဖွဲ့အကြီးအကဲ ရဲမှူးကြီး Anek Sathongyu၊ Bang Lamung ခရိုင်တာဝန်ရှိသူများနှင့် စီးပွားရေးလုပ်ငန်း ကိုယ်စားလှယ်များက ရေတပ်ဝန်ထမ်းများကို ပန်းကုံးများ၊ ထိုင်းရိုးရာအထည်အလိပ်များနှင့် အမှတ်တရလက်ဆောင်များဖြင့် ကြိုဆိုခဲ့ကြသည်။

USS Abraham Lincoln ၏ တပ်မှူး Capt Dan Keeler က နွေးထွေးစွာ ကြိုဆိုပေးသည့်အတွက် ပတ္တယားမြို့အား ကျေးဇူးတင်ရှိကြောင်းနှင့် သင်္ဘောသားများအနေဖြင့် အနားယူရန်အတွက် ဝမ်းမြောက်စွာ စောင့်မျှော်နေကြကြောင်း ပြောကြားခဲ့သည်။ ထို့နောက် Lincoln သင်္ဘောပုံစံငယ် ပါဝင်သည့် သစ်သားအမှတ်တရပြားတစ်ချပ်ကို ပတ္တယားမြို့တော်ဝန်ထံ အမှတ်တရလက်ဆောင်အဖြစ် ပေးအပ်ခဲ့သည်။

ပတ္တယားမြို့တော်ဝန်က ပတ္တယားနှင့် အမေရိကန်ရေတပ်အကြား ဆက်ဆံရေးသည် နှစ်ပေါင်းများစွာ တည်ရှိခဲ့ပြီး အမေရိကန်ရေတပ်ဝန်ထမ်းများသည် ပတ္တယားမြို့ကို အပန်းဖြေရာနေရာအဖြစ် ပုံမှန်ရွေးချယ်လေ့ရှိကြောင်း ပြောကြားခဲ့သည်။ယခုခရီးစဉ်သည် သင်္ဘောသားများအနေဖြင့် စစ်ဆင်ရေးတာဝန်များကြောင့် ပင်လယ်ပြင်တွင် အချိန်ကြာမြင့်စွာ နေထိုင်ခဲ့ရပြီးနောက် အနားယူခွင့်ရရှိခြင်းဖြစ်သည့်အတွက် အထူးအရေးပါကြောင်း ၎င်းက ပြောသည်။

USS Abraham Lincoln သည် အရှေ့အလယ်ပိုင်းဒေသတွင် ခြောက်လကြာ တာဝန်ထမ်းဆောင်ရန် မျှော်မှန်းထားပြီး ၂၀၂၅ ခုနှစ် နိုဝင်ဘာ ၂၁ ရက်တွင် San Diego မြို့မှ ထွက်ခွာခဲ့ခြင်းဖြစ်သည်။ သို့သော် လက်ရှိတွင် ကိုးလကျော်ကြာ တာဝန်ထမ်းဆောင်နေပြီဖြစ်ပြီး ယခင်က ဒီဇင်ဘာလလယ်တွင် Guam ဆိပ်ကမ်း၌ တစ်ကြိမ်သာ ဆိုက်ကပ်ခဲ့ကြောင်း သိရသည်။

အမေရိကန်ရေတပ်ဝန်ထမ်းများ၏ တည်းခိုနေထိုင်မှု၊ ခရီးသွားလာမှု၊ အနှိပ်နှင့် Spa ဝန်ဆောင်မှုများ၊ အစားအသောက်နှင့် အခြားအသုံးစရိတ်များသည် ပတ္တယားမြို့၏ ဒေသတွင်းစီးပွားရေးအတွက် အကျိုးဖြစ်ထွန်းစေမည်ဟု မြို့တော်ဝန် Poramet က ပြောကြားခဲ့သည်။

ခရီးစဉ်အတွင်း ရေတပ်ဝန်ထမ်းတစ်ဦးလျှင် တစ်ရက် အနည်းဆုံး ဘတ် ၁,၀၀၀ မှ ၁,၅၀၀ အထိ သုံးစွဲမည်ဟု ခန့်မှန်းထားပြီး ရက် ၅ ရက်အတွင်း ဒေသတွင်းဝင်ငွေ အနည်းဆုံး ဘတ်သန်း ၁၀၀ ရရှိနိုင်မည်ဟု ၎င်းက ဆိုသည်။ထို့အပြင် လုံခြုံရေးအစီအမံများကိုလည်း ပတ္တယားမြို့အနေဖြင့် ကြိုတင်ပြင်ဆင်ထားပြီး စီးပွားရေးလုပ်ငန်းများအနေဖြင့် ဈေးနှုန်းအလွန်အကျွံ တင်ရောင်းခြင်း မပြုလုပ်စေရန် တာဝန်ရှိသူများက စောင့်ကြည့်သွားမည်ဖြစ်ကြောင်း သိရသည်။

အမေရိကန်ရေတပ်ဘက်ကလည်း ဝန်ထမ်းများ၏ ဘေးကင်းလုံခြုံရေးအတွက် အချို့သော လှုပ်ရှားမှုများကို ကန့်သတ်ထားပြီး ဂျက်စကီးစီးခြင်းကဲ့သို့ ရေပြင်လှုပ်ရှားမှုများနှင့် ဆေးခြောက်ဆိုင်များသို့ သွားရောက်ခြင်းတို့ကို တားမြစ်ထားသည်။ ထို့အပြင် ဆေးဝါးဆိုင်ရာ စည်းမျဉ်းများကြောင့် ထိုင်းနိုင်ငံတွင် ရရှိနိုင်သည့် ဆေးဝါးအချို့ကို အမေရိကန်နိုင်ငံသို့ ပြန်လည်ယူဆောင်သွားခြင်း မပြုနိုင်သဖြင့် ဆေးဆိုင်များသို့ သွားရောက်ခြင်းကိုလည်း ကန့်သတ်ထားကြောင်း သိရသည်။

အမေရိကန်ရေတပ်ဝန်ထမ်းများအား ဘီယာဘားများဖြင့် လူသိများသည့် ပတ္တယားမြို့ရှိ Soi 6 နှင့် Soi 7 တို့မှလည်း ရှောင်ရှားရန် ညွှန်ကြားထားသည်။ သို့သော် Walking Street အပါအဝင် ပတ္တယားမြို့၏ အခြားနေရာများသို့ သွားလာနိုင်ကြောင်း မြို့တော်ဝန်က ပြောကြားခဲ့သည်။ရဲတပ်ဖွဲ့အနေဖြင့်လည်း ပတ္တယားမြို့တစ်ဝန်း ရေတပ်ဝန်ထမ်းများ၏ ဘေးကင်းလုံခြုံရေးအတွက် ကူညီဆောင်ရွက်ပေးမည်ဖြစ်ပြီး သီးခြားနေရာတစ်ခုကိုသာ အာရုံစိုက်ဆောင်ရွက်မည်မဟုတ်ကြောင်း ရဲမှူးကြီး Anek က ပြောကြားခဲ့သည်။