
(ပြည်တွင်း) စက်တင်ဘာ ၂
မလေးရှားနိုင်ငံ၌ လူဝင်မှုကြီးကြပ်ရေးဆိုင်ရာ စည်းကမ်းချက်များ ချိုးဖောက်မှုဖြင့် ပြစ်ဒဏ်ကျခံပြီးနောက် ထိန်းသိမ်းရေးစခန်းများတွင် ရောက်ရှိနေသည့် မြန်မာနိုင်ငံသား စိစစ်ပြီးသူ ၁,၄၇၆ ဦးအား မြန်မာ့တပ်မတော် ရေယာဉ်များဖြင့် ပြန်လည်ခေါ်ဆောင်နိုင်ရေး နှစ်နိုင်ငံ အစိုးရချင်း ညှိနှိုင်းဆောင်ရွက်လျက်ရှိကြောင်း နိုင်ငံခြားရေးဝန်ကြီးဌာနမှ သိရသည်။
မြန်မာနိုင်ငံတော် အစိုးရအနေဖြင့် မလေးရှားနိုင်ငံ၌ တရားမဝင် နေထိုင်မှုများကြောင့် ထိန်းသိမ်းခံရပြီး ပြန်လည်ထွက်ခွာရန် အခက်အခဲကြုံတွေ့နေရသည့် မြန်မာနိုင်ငံသား ၁,၀၈၆ ဦးကို လူသားချင်းစာနာထောက်ထားမှုအရ နှစ်နိုင်ငံ ညှိနှိုင်း၍ မြန်မာ့တပ်မတော် ရေယာဉ်များဖြင့် ပထမဆုံးအကြိမ်အဖြစ် ၂၀၂၁ ခုနှစ်တွင် မြန်မာနိုင်ငံသို့ ပြန်လည်ခေါ်ဆောင်ပေးခဲ့ပြီးဖြစ်သည်။
ယခုအခါတွင်လည်း အလားတူ အခက်အခဲကြုံတွေ့နေရသည့် မြန်မာနိုင်ငံသား စိစစ်ပြီးသူ ၁,၄၇၆ ဦးအား ၂၀၂၆ ခုနှစ်၊ ဩဂုတ်လ ၂၇ ရက်နှင့် ၂၈ ရက်တို့တွင် တပ်မတော် ရေယာဉ်များဖြင့် သွားရောက်ခေါ်ဆောင်ရန် မလေးရှားအစိုးရနှင့် ညှိနှိုင်းခဲ့သည်။ သို့သော် မလေးရှားနိုင်ငံဘက်မှ အဆိုပါနေ့ရက်များတွင် လာရောက်ခေါ်ဆောင်ရန် အဆင်မပြေသေးသဖြင့် စက်တင်ဘာလ ၂၈ ရက်နှင့် ၂၉ ရက်တို့တွင် ပြောင်းလဲစီစဉ်ရန် ပြန်လည်အဆိုပြုလာခဲ့သည်။ သို့ဖြစ်ပါ၍ မြန်မာအစိုးရအနေဖြင့် မလေးရှားဘက်မှ အဆိုပြုသည့် စက်တင်ဘာလကုန်ပိုင်း နေ့ရက်များအတိုင်း ခရီးစဉ်အား ပြန်လည်ပြင်ဆင် စီစဉ်ဆောင်ရွက်သွားမည်ဖြစ်သည်။
နိုင်ငံတော်အစိုးရအနေဖြင့် ပြည်ပရောက် မိမိနိုင်ငံသားများ၏ အရေးကိစ္စများကို အထူးအလေးထား ဆောင်ရွက်ပေးလျက်ရှိရာ အကြောင်းအမျိုးမျိုးကြောင့် ဒုက္ခကြုံတွေ့နေရသည့် မြန်မာနိုင်ငံသားများ ဘေးကင်းစွာ ပြန်လည်ရောက်ရှိရေးအတွက် သက်ဆိုင်ရာ မြန်မာသံရုံးနှင့် ကောင်စစ်ဝန်ချုပ်ရုံးများမှတစ်ဆင့် လိုအပ်သည့် ကူညီစောင့်ရှောက်မှုများကို အစဉ်တစိုက် အလေးထား ဆောင်ရွက်ပေးလျက်ရှိကြောင်း သိရှိရသည်။