မလှိုင်မြို့နယ်တွင် PDF အကြမ်းဖက်သမားများ Drone ဖြင့်တိုက်ခိုက်မှုကြောင့် အရပ်သားနှစ်ဦး ထိခိုက်ဒဏ်ရာရ

(မှုခင်း) စက်တင်ဘာ ၂

မန္တလေးတိုင်းဒေသကြီး၊ မလှိုင်မြို့နယ်၊ အမှတ်(၂)ရပ်ကွက်အတွင်းသို့ PDF အကြမ်းဖက်သမားများက ဩဂုတ်လ ၃၁ ရက် နေ့လယ် ၂ နာရီ ၅ မိနစ်အချိန်တွင် FPV Drone တစ်စင်းဖြင့် ပစ်ခတ်တိုက်ခိုက်ခဲ့ရာ Drone မှ ကျရောက်ပေါက်ကွဲမှု ဖြစ်ပွားခဲ့ကြောင်း သိရသည်။

အဆိုပါပေါက်ကွဲမှုကြောင့် အမှတ်(၂)ရပ်ကွက်နေ ဦးကံထူးမောင်၊ အသက် ၆၆ နှစ်နှင့် ဦးဝေဇော်ထွန်း၊ အသက် ၄၃ နှစ်တို့တွင် ဗုံးသီးပေါက်ကွဲစ ထိမှန်ဒဏ်ရာများ ရရှိခဲ့သဖြင့် မလှိုင်မြို့နယ်ပြည်သူ့ဆေးရုံသို့ ပို့ဆောင်၍ ဆေးကုသမှုခံယူလျက်ရှိကြောင်း သိရသည်။

ထိုသို့ အပြစ်မဲ့ အရပ်သားပြည်သူများ အေးချမ်းစွာ နေထိုင်လျက်ရှိသော ရပ်ကွက်၊ ကျေးရွာများအတွင်းသို့ လက်နက်ကြီး၊ လက်နက်ငယ်၊ ရှော့တိုက်ဒုံးများ၊ Drone ဖြင့် Drop Bomb များ ပစ်ခတ်တိုက်ခိုက်ခြင်းများကို ဆင်ခြင်တုံတရားကင်းမဲ့စွာ ပြုလုပ်နေမှုများကြောင့် အပြစ်မဲ့ အရပ်သားပြည်သူ နှစ်ဦး ထိခိုက်ဒဏ်ရာရရှိခဲ့မှုအပေါ် ဒေသခံပြည်သူများက စိုးရိမ်ပူပန်မှုများရှိနေပြီး လုံခြုံရေးတပ်ဖွဲ့ဝင်များက လိုအပ်သော လုံခြုံရေးလုပ်ငန်းများကို ပြည်သူလူထုနှင့်ပူးပေါင်းကာ တိုးမြှင့်လုပ်ဆောင်လျက်ရှိကြောင်း သိရသည်။

Telegram – t.me/positiveanglenews

#pan