ထောက်ကြန့်က ဈေးတစ်ခုမှာ အမျိုးသမီး ၂ ဦး အကြွေးတောင်း စကားများ လုံးထွေးသတ်ပုတ်ကြရာက ဓားနဲ့ အကြိမ်ကြိမ်ထိုးသတ်

(မှုခင်း) စက်တင်ဘာ ၂


ရန်ကုန်တိုင်းဒေသကြီး၊ မင်္ဂလာဒုံမြို့နယ်၊ ထောက်ကြန့်မြို့က ဈေးတစ်ခုအတွင်းမှာ အမျိုးသမီး ၂ ဦး အကြွေးတောင်းရင်း အပြန်အလှန် စကားများပြီး လုံးထွေးသတ်ပုတ်ကြရာကနေ ဓားနဲ့ အကြိမ်ကြိမ်ထိုးသတ်မှု ဖြစ်ခဲ့ပွားတယ်လို့ သိရပါတယ်။

ထောက်ကြန့်မြို့၊ ဧကရာဇ်ရပ်ကွက်မှာရှိတဲ့ ပဲခူးကိုသွားတဲ့ လမ်းပေါ်က သီရိရတနာဈေးသစ်မှာ အမျိုးသမီး ၂ ဦး အကြွေးကိစ္စနဲ့ စကားပြောဆိုရင်း အပြန်အလှန် စကားများကာ လုံးထွေးသတ်ပုတ်ခဲ့ကြတာ ဖြစ်တယ်လို့ မျက်မြင်သက်သေတွေရဲ့ ပြောဆိုချက်အရ သိရတာ ဖြစ်ပါတယ်။

အဆိုပါ အမျိုးသမီး ၂ ဦးမှာ စက်တင်ဘာ ၁ ရက်နေ့ မနေ့က သီရိရတနာဈေးအတွင်းမှာ လုံးထွေးသတ်ကြရင်း အသက်ငယ်တဲ့ အမျိုးသမီးတစ်ဦးက အသက်ကြီးတဲ့ အမျိုးသမီးကို ၎င်းမှာပါလာတဲ့ ဓားနဲ့ အကြိမ်ကြိမ်ထိုးသတ်ခဲ့တာ ဖြစ်ပါတယ်။

အမျိုးသမီးချင်း ဓားထိုးခံရလို့ သေဆုံးသွားသူမှာ ထောက်ကြန့်မြို့၊ စံပြရပ်ကွက်၊ သီရိလမ်းနေ အသက် ၅၃ အရွယ် ဒေါ်သန်းမြ ဆိုသူဖြစ်ပြီး ဓားနဲ့ ထိုးသတ်ခဲ့သူမှာ ထောက်ကြန့်မြို့ ရွာမရပ်ကွက်၊ ဂန္ဓမာလမ်းနေ အသက် ၃၄ နှစ်အရွယ် ဒေါ်မေလင်း(ခ)အသေးလေး ဖြစ်တယ်လို့ သိရပါတယ်။

အဆိုပါ အမျိုးသမီးနှစ်ဦးမှာ ဘယ်သူက အကြွေးရှင်ဖြစ်ပြီး ဘယ်သူက အကြွေးပေးစရာရှိသူမှန်း မသိရှိရဘဲ စကားများ ဆဲဆို ရန်ဖြစ်ကြရင်း အပြန်အလှန် ဆံပင်တွေဆွဲကာ ပါးတွေရိုက်ပြီး လုံးထွေးသတ်ပုတ် နေကြတာကိုသာ အခင်းဖြစ်ပွားရာအနီးမှာ ရှိသူတွေက သိခဲ့ကြတာလည်း ဖြစ်တယ်လို့ သိရပါတယ်။

အဲဒီလို အပြန်အလှန် လုံးထွေးသတ်ပုတ်နေကြရင်း ဒေါ်မေလင်း(ခ)အသေးလေးက ၎င်းမှာ အသင့်ယူဆောင်လာတဲ့ အရှည် ၇ လက်မကျော် ဟင်းလှီးဓားချွန်နဲ့ ဒေါ်သန်းမြကို အကြိမ်ကြိမ် ထိုးသတ်ခဲ့တာ ဖြစ်တယ်လို့လည်း သိရပါတယ်။

ဓားထိုးခံရမှုကြောင့် ဒေါ်သန်းမြရဲ့ မျက်နှာ၊ လည်ပင်းနဲ့ ဝမ်းဗိုက်တွေမှာ ထိုးသွင်းဒဏ်ရာ အနည်းဆုံး ၈ ချက်ခန့်ရခဲ့ပြီး အခင်းဖြစ်ပွားရာ နေရာမှာပင် သေဆုံးသွားခဲ့တာဖြစ်တယ်လို့ သိရပါတယ်။

အဲဒီနောက် အခင်းဖြစ်ရာနေရာကို လုံခြုံရေးအဖွဲ့ဝင်တွေ ရောက်ရှိစစ်ဆေးခဲ့ကြပြီး သေဆုံးသူ ဒေါ်သန်းမြကို ထောက်ကြန့်လူမှုကူညီရေးအဖွဲ့က ထောက်ကြန့်ဆေးရုံ ရင်ခွဲရုံကို ပို့ဆောင်ခဲ့ရာကတဆင့် မီးသင်္ဂြိုလ်ခဲ့တယ်လို့ သိရပါတယ်။

အခင်းဖြစ်ပွားပြီးနောက် ဒေါ်သန်းမြကို ဓားနဲ့ အငြိုးတကြီး အကြိမ်ကြိမ် ထိုးသတ်ခဲ့သူ ဒေါ်မေလင်း(ခ)အသေးလေးမှာ တိမ်းရှောင်ထွက်ပြေးနေတာကြောင့် လုံခြုံရေးတပ်ဖွဲ့ဝင်တွေက လိုက်လံရှာဖွေနေဆဲဖြစ်တယ်လို့ သိရပါတယ်။

Telegram – t.me/positiveanglenews

#pan