စစ်သားအယောင်ဆောင်ပြီး လူငယ် ၂ ဦးကို ဖမ်းဆီးခဲ့သူ ၃ ဦးကို တာချီလိတ်ရဲတပ်ဖွဲ့ ဖမ်းဆီး

(မှုခင်း) စက််တင်ဘာ ၁

ရှမ်းပြည်နယ်(အရှေ့ပိုင်း) တာချီလိတ်မြို့မှာ လူငယ် ၂ ဦးကို တာဝန်အရ မေးမြန်းဖို့အတွက်ဆိုပြီး ဖမ်းဆီးခဲ့တဲ့ စစ်သားအယောင်ဆောင်ထားတဲ့ အရပ်ဝတ် လူ ၃ ဦးကို တာချီလိတ် ရဲတပ်ဖွဲ့ ဖမ်းဆီးလိုက်တယ်လို့ သိရပါတယ်။

ရဲတပ်ဖွဲ့ရဲ့ ဖမ်းဆီးခံရသူ အရပ်ဝတ် ၃ ဦးမှာ အမျိုးသမီးသမီး ၁ ဦးနဲ့ အမျိုးသား ၂ ဦးတို့ဖြစ်ပြီး စစ်သား အသွင်ယူထားသူတွေမှာ အသက် ၂၅ နှစ်အရွယ် ဇွဲညီညီခန့်နဲ့ အသက် ၃၂ နှစ်အရွယ် ဉာဏ်လင်းထွန်းတို့ဖြစ်သလို အသက် ၂၇ နှစ်အရွယ် သဲအိချိုဆိုသူမှာတော့ အဆိုပါလူငယ် ၂ ဦးကို ဖမ်းဆီးမှုမှာ ပါ၀င်ကူညီခဲ့သူ ဖြစ်တယ်လို့ ရဲတပ်ဖွဲ့ရဲ့ တိုင်ချက်အရ သိရပါတယ်။

ပြီးခဲ့တဲ့ ဩဂုတ်လ ၃၀ ရက်နေ့ မွန်းလွဲ ၁၂ နာရီခွဲက တာချီလိတ်မြို့၊ မယ်ဟုတ်ကျေးရွာအနီးက မယ်ဟုတ်တံတားမှာ လုံခြုံရေးတပ်ဖွဲ့ဝင်တွေက ရှောင်တခင် စစ်ဆေးမှုတွေ ပြုလုပ်နေစဉ် အနက်ရောင် Nissan X-Trail ကားတစ်စီးကို ရပ်တန့်စစ်ဆေးခဲ့စဉ်မှာ အခုလို ဖမ်းဆီးရမိခဲ့တာ ဖြစ်ပါတယ်။

စစ်သားအယောင်ဆောင်သူ ၃ ဦး စီးနင်းလာတဲ့ အဆိုပါ ကားကို လုံခြုံရေးအဖွဲ့ဝင်တွေက တားဆီးစစ်ဆေးခဲ့စဉ်မှာ ကားနောက်ဖုံးထဲမှာ လက်ထပ်ခတ်ပြီး ဖမ်းဆီးခေါ်ဆောင်လာတဲ့ လူငယ် ၂ ဦးကို တွေ့ရှိခဲ့ရတာလည်း ဖြစ်ပါတယ်။

ကားနောက်ဖုံးထဲထည့်ကာ လက်ထိပ်ခတ်ဖမ်းဆီးလာသူတွေမှာ အသက် ၂၈ နှစ်အရွယ် ကိုညီဦးနဲ့ အသက် ၃၄ နှစ်အရွယ် ကိုတင်ကိုလွင် (ခ) ပြောင်ကြီးတို့ဖြစ်ပြီး သူတို့ ၂ ဦးကို ဩဂုတ်လ ၂၉ ရက်နေ့နဲ့ ၃၀ ရက်နေ့တို့က ဖမ်းဆီးခဲ့တာ ဖြစ်တယ်လို့ သိရပါတယ်။

ကိုတင်ကိုလွင် (ခ) ပြောင်ကြီးကို ဩဂုတ်လ ၂၉ ရက်နေ့ ည ၁၁ နာရီခွဲခန့်က တာချီလိတ်မြို့ ရန်အောင်မြေရပ်ကွက် တရုတ်ဘုံကျောင်းရှေ့လမ်းမှာ လမ်းလျှောက်နေစဉ် ကားတစ်စီးပေါ်က အမျိုးသားနှစ်ဦးက “တာဝန်ရှိလို့ မေးစရာရှိတယ်”လို့ စစ်သားအသွင်ယူပြီး ပြောဆိုလက်ထိပ်ခတ်ကာ ကားနောက်ဖုံးထဲ ထည့်ကာ ခေါ်ဆောင်သွားခဲ့သလို ကိုညီဦးကိုတော့ ဩဂုတ်လ ၃၀ ရက်နေ့ မနက်အစော ၁ နာရီခန့်မှာ ပါဆတ်ရပ်ကွက်က “ကြိုဆိုပါ၏” ဆိုင်းဘုတ်အနီး လမ်းလျှောက်နေစဉ်မှာ အလားတူပုံစံမျိုးနဲ့ ဖမ်းဆီးခေါ်ဆောင်ခံခဲ့ရတာဖြစ်တယ်လို့ ရဲတပ်ဖွဲ့ကို ထွက်ဆိုထားပါတယ်။

၎င်းဖမ်းဆီးခံ လူငယ် ၂ ဦးကို လက်ထိပ်ခတ်ကာ ကားနောက်ဖုံးထဲထည့်ပြီး အသံမထွက်ဘဲ တိတ်တိတ်နေဖို့နဲ့ အသံထွက်လာပါက လျှာဖြတ်ပစ်မယ်လို့လည်း ခြိမ်းခြောက်ကာ လက်သီးတွေနဲ့ ထိုးကြိတ်ခဲ့တယ်လို့လည်း သိရပါတယ်။

စစ်သားအယောင်ဆောင်သူ ၃ ဦးကို တာချီလိတ်မြို့ ဟောင်လိတ်ရပ်ကွက်ရဲစခန်းမှာ ထိန်းသိမ်း စစ်ဆေးနေပြီး ဥပဒေအရ အရေးယူသွားဖို့လည်း ရှိနေတယ်လို့ ဟောင်လိတ်ရဲစခန်းက ထုတ်ပြန်ထားပါတယ်။

တာချီလိတ်မြို့မှာ လူငယ်တချို့ကို တပ်သားသစ်အဖြစ် စုဆောင်းဖို့ ဖမ်းဆီးခံရတာတွေ ရှိနေခဲ့တာဖြစ်ပြီး လက်ရှိဖမ်းဆီးရမိခဲ့သူ ၃ ဦးဟာလည်း အရင်ကတည်းက လူသစ်စုဆောင်းဖို့ လူငယ်တွေကို စစ်သားအယောင်ဆောင်ကာ ဖမ်းဆီးနေခဲ့သူတွေဖြစ်တယ်လို့ ရှမ်းပြည်နယ်အခြေစိုက် မီဒီယာတွေက ရေးသားထားတာကို တွေ့ရပေမယ့် တိကျသေချာတဲ့ အချက်အလက်နဲ့ ရေးသားတာကိုတော့ မတွေ့ရပါဘူး။

Telegram – t.me/positiveanglenews

#pan