(မှုခင်း) စက်တင်ဘာ ၁
ကချင်ပြည်နယ်၊ ရွှေကူမြို့နယ် အမှတ်(၂)ရပ်ကွက်အတွင်း ဩဂုတ် ၃၀ ရက် မွန်းလွဲပိုင်းက ရှော့တိုက်ဒုံးကျရောက်ပေါက်ကွဲမှု ဖြစ်ပွားခဲ့ရာ အမျိုးသားတစ်ဦး သေဆုံးပြီး ခြောက်ဦး ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။
ဖြစ်စဉ်မှာ ဩဂုတ် ၃၀ ရက် မွန်းလွဲ ၁ နာရီ ၅၀ မိနစ်ခန့်တွင် ရွှေကူမြို့နယ် အမှတ်(၂)ရပ်ကွက်သို့ KIA နှင့် PDF ပူးပေါင်းအဖွဲ့က ရှော့တိုက်ဒုံးများဖြင့် ပစ်ခတ်ခဲ့ရာ အဆိုပါရပ်ကွက်ရှိ သင်္ဘောဆိပ်အနီးသို့ ရှော့တိုက်ဒုံးတစ်လုံး ကျရောက်ပေါက်ကွဲခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
ပေါက်ကွဲမှုကြောင့် အဆိုပါနေရာ၌ အလုပ်လုပ်ကိုင်နေသူ အမှတ်(၂)ရပ်ကွက်နေ ဦးနွေဦးကိုကို၊ အသက် ၃၀ နှစ်မှာ ဗုံးသီးပေါက်ကွဲစထိမှန်ဒဏ်ရာများဖြင့် အခင်းဖြစ်နေရာတွင် သေဆုံးခဲ့ကြောင်း သိရသည်။
ထို့အပြင် မလပြည့်ဝန်း၊ အသက် ၁၈ နှစ်၊ ကိုဂျွန်ကိုဇော်၊ အသက် ၂၁ နှစ်၊ အမှတ်(၄)ရပ်ကွက်နေ ကိုအောင်ပြည့်စုံ၊ အသက် ၂၁ နှစ်၊ ကိုလှိုင်ဝင်းအောင်၊ အသက် ၂၂ နှစ်၊ ဦးနေလင်းထွန်း၊ အသက် ၃၀ နှစ်နှင့် ဦးမြင့်ဆွေ (ခ) အောင်ကြီး၊ အသက် ၄၂ နှစ်တို့ ခြောက်ဦး ထိခိုက်ဒဏ်ရာများ ရရှိခဲ့ကြောင်း သိရသည်။
ဖြစ်စဉ်နှင့်ပတ်သက်၍ လုံခြုံရေးတပ်ဖွဲ့ဝင်များက သွားရောက်စစ်ဆေး၍ ဖြစ်စဉ်အား စိစစ်ခဲ့ပြီး ထိခိုက်ဒဏ်ရာရရှိသူများကို ဆေးကုသမှုခံယူနိုင်ရေး ဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။
အဆိုပါဖြစ်စဉ်နှင့်ပတ်သက်၍ လုံခြုံရေးတပ်ဖွဲ့ဝင်များက လိုအပ်သည့် လုံခြုံရေးလုပ်ငန်းများကို ဒေသခံပြည်သူများနှင့် ပူးပေါင်း၍ တိုးမြှင့်ဆောင်ရွက်လျက်ရှိကြောင်း သတင်းရရှိသည်။

Telegram – t.me/positiveanglenews
#PAN