(မှုခင်း) ဩဂုတ် ၃၁
အသက် ၁၀ နှစ်ဝန်းကျင် ကလေးငယ်တွေကို တဆင့်ခံဝယ်ယူရောင်းချတဲ့ အရောင်းအဝယ်အလုပ် လုပ်ကိုင်နေတဲ့ အမျိုးသမီးတစ်ဦးကို ရှမ်းပြည်နယ် မြောက်ပိုင်း တန့်ယန်းမြို့နယ်အတွင်းမှာ ဖမ်းဆီးရမိခဲ့ပြီးနောက် ဥပဒေနဲ့အညီ အရေးယူဖို့ ဆောင်ရွက်နေတယ်လို့ သိရပါတယ်။
ထိုအမျိုးသမီးကို ပြီးခဲ့တဲ့ ရှမ်းပြည်တိုးတက်ရေးပါတီ – SSPP က ဩဂုတ် ၁၄ ရက်နေ့မှာ ဖမ်းဆီးရမိခဲ့တာဖြစ်ပြီး ဖမ်းဆီးရမိစဉ်မှာ အရောင်းအဝယ်ပြုလုပ်ခံထားရတဲ့ အသက် ၇ နှစ်အရွယ် မိန်းခလေး ၁ ဦးနဲ့ ယောက်ျားလေး ၁ ဦးတို့ကို ကယ်နိုင်ခဲ့တယ်လို့ SSPP က သတင်းထုတ်ပြန်ခဲ့ပါတယ်။
ရှမ်းပြည်မြောက်ပိုင်း နမ္မတူဇာတိဖြစ်တဲ့ အဆိုပါ အမျိုးသမီးဟာ တန့်ယန်းမြို့ ရပ်ကွက် ၂ သို့ ပြောင်းရွှေ့နေထိုင်ခဲ့ပြီးနောက် မိဘတွေက မကျွေးမွေးနိုင်တဲ့ ကလေးငယ်တွေကို တဆင့်ခံဝယ်ယူပြီး ငွေကြေးတတ်နိုင်သူတွေဆီ ပြန်လည်ရောင်းချတဲ့အလုပ် လုပ်ကိုင်နေသူဖြစ်တယ်လို့ ထုတ်ပြန်ချက်အရ သိရပါတယ်။
ပြီးခဲ့တဲ့ ဩဂုတ် ၇ ရက်နေ့ကလည်း အဆိုပါ အမျိုးသမီးဟာ သီပေါမြို့နယ်က အသက် ၅ နှစ်အရွယ် ကလေးငယ် တစ်ဦးနဲ့ အသက် ၁၁ နှစ်အရွယ် ကလေးငယ် တစ်ဦးတို့ကို မြန်မာငွေ ကျပ် ၆၀ သိန်းနဲ့ ဝယ်ယူခဲ့ပြီး တန့်ယန်းမြို့နယ် နောင်ဖာကျေးရွာမှာနေထိုင်တဲ့ စိုင်းကတ် ဆိုသူဆီကို တရုတ်ယွမ်ငွေ ၃၄,၀၀၀ (မြန်မာငွေ သိန်း ၂၁၄ ကျော်) နဲ့ ပြန်လည်ရောင်းချခဲ့တဲ့ ဖြစ်စဉ်ကိုလည်း လုပ်ဆောင်ခဲ့ဖူးတယ်လို့ သူမက ဝန်ခံထားကြောင်း SSPP က ပြောပါတယ်။
ကလေးငယ်ရောင်းဝယ်မှုနဲ့ ပတ်သက်ပြီး အဆိုပါအမျိုးသမီးရဲ အမှုကို SSPP က ဗဟိုတရားရုံးကို လွှဲပြောင်းပေးခဲ့ပြီး အမှုကို စစ်ဆေးကာ ဥပဒေနဲ့အညီ အရေးယူဆောင်ရွာသွားမှာ ဖြစ်ပြီး ကယ်တင်ရရှိခဲ့တဲ့ ကလေးငယ် ၂ ဦးကိုလည်း ၎င်းတို့ရဲ၌ မိသားစုဝင်တွေနဲ့ ဆက်သွယ်ကာ ကလေးတွေကို ပြန်လည်စောင့်ရှောက်နိုင်ဖို့ ညှိနှိုင်းဆောင်ရွက်သွားဖို့ ရှိနေတယ်လို့လည်း ထုတ်ပြန်ချက်ထဲမှာ ရေးသားထားပါတယ်။

Telegram – t.me/positiveanglenews
#PAN