မုံရွာတွင် ဆိုလာဘက်ထရီ ရှော့ဖြစ်ရာမှ မီးလောင်၊ နေအိမ် ၃ လုံးပျက်စီးပြီး အသက် ၈၀ ကျော်အရွယ် အမျိုးသားတစ်ဦး သေဆုံး

(မှုခင်း) ဩဂုတ် ၃၁

စစ်ကိုင်းတိုင်းဒေသကြီး၊ မုံရွာမြို့၊ ချမ်းမြဝတီရပ်ကွက်၊ မနောသုခလမ်းတွင် ဩဂုတ် ၃၀ ရက် ည ၁၁ နာရီ ၅ မိနစ်ခန့်က မီးလောင်မှုဖြစ်ပွားခဲ့ရာ နေအိမ် ၃ လုံးပျက်စီးပြီး အသက် ၈၀ ကျော်အရွယ် အမျိုးသားတစ်ဦး သေဆုံးခဲ့ကြောင်း သိရသည်။

မီးလောင်မှုသတင်းရရှိသည်နှင့် စစ်ကိုင်းတိုင်းဒေသကြီး မီးသတ်ဦးစီးမှူးရုံး၊ မုံရွာခရိုင်နှင့် မုံရွာမြို့နယ် မီးသတ်စခန်းများအပြင် ရပ်ကွက်အလိုက် အရန်မီးသတ်စခန်းများမှ မီးသတ်ယာဉ်နှင့် ရေသယ်ယာဉ်များ အချိန်နှင့်တစ်ပြေးညီ ထွက်ခွာငြှိမ်းသတ်ခဲ့ကြသည်။

မီးငြှိမ်းသတ်ရေးအတွက် မီးငြှိမ်းသတ်ယာဉ် ၅ စီး၊ ရေသယ်ယာဉ် ၆ စီး၊ သန္ဓေမီးသတ်တပ်ဖွဲ့ဝင် ၃၂ ဦးနှင့် အရန်မီးသတ်တပ်ဖွဲ့ဝင် ၄၀ ဦး ပါဝင်ဆောင်ရွက်ခဲ့ပြီး ည ၁၁ နာရီ ၂၀ မိနစ်တွင် မီးထိန်းနိုင်ခဲ့ကာ ၁၁ နာရီ ၂၅ မိနစ်တွင် မီးလုံးဝငြိမ်းသွားခဲ့ကြောင်း သိရသည်။

ဖြစ်စဉ်တွင် ဆိုလာစနစ်အသုံးပြုသည့် ဘက်ထရီ အပူလွန်ကဲ၍ ရှော့ဖြစ်ရာမှတစ်ဆင့် မီးကူးစက်လောင်ကျွမ်းခဲ့ခြင်းဖြစ်ပြီး မီးလောင်မှုကြောင့် လူနေအိမ် ၃ လုံး ပျက်စီးခဲ့ကာ ဆုံးရှုံးမှုတန်ဖိုးမှာ ကျပ် ၁၂,၅၂၅,၀၀၀ ခန့်ရှိကြောင်း သိရသည်။

အဆိုပါ မီးလောင်မှုကြောင့် အသက် ၈၀ ကျော်အရွယ် အဘိုးတစ်ဦး သေဆုံးခဲ့ကြောင်းလည်း သိရသည်။မီးငြှိမ်းသတ်ရာတွင် မုံရွာမြို့ရှိ လူမှုကူညီရေးအသင်းများမှ အင်အား ၄၄ ဦးကလည်း ပါဝင်ကူညီခဲ့ပြီး မြန်မာနိုင်ငံရဲတပ်ဖွဲ့ဝင်များက လုံခြုံရေးဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။

Telegram – t.me/positiveanglenews

#PAN