မြန်မာ-ထိုင်း လွှတ်တော်ချင်း ပူးပေါင်းဆောင်ရွက်မှုမြှင့်တင်ရန်၊ နယ်စပ်ဖြတ်ကျော်မှုခင်းများ ပူးပေါင်းနှိမ်နင်းရန်နှင့် အွန်လိုင်းလိမ်လည်မှု တိုက်ဖျက်ရေး ပူးပေါင်းဆောင်ရွက်ရန်ဆွေးနွေး

(လွှတ်တော်) ဩဂုတ် ၃၁

ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌ ဦးခင်ရီသည် မြန်မာနိုင်ငံဆိုင်ရာ ထိုင်းနိုင်ငံသံအမတ်ကြီး H.E. Mr. Tor Saralamba ဦးဆောင်သော ကိုယ်စားလှယ်အဖွဲ့အား ယနေ့မွန်းလွဲပိုင်းတွင် နေပြည်တော်ရှိ လွှတ်တော်အဆောက်အအုံ၊ ပြည်သူ့လွှတ်တော်ဆောင် ဧည့်ခန်းမ၌ လက်ခံတွေ့ဆုံခဲ့သည်။

တွေ့ဆုံစဉ် မြန်မာ-ထိုင်း နှစ်နိုင်ငံအကြား တရားဝင်သံတမန်ဆက်ဆံရေး ထူထောင်ခဲ့သည်မှာ ၇၈ နှစ်ပြည့်မြောက်ပြီဖြစ်သည့်အတွက် နှစ်နိုင်ငံချစ်ကြည်ရင်းနှီးမှုနှင့် ပူးပေါင်းဆောင်ရွက်မှုများ ပိုမိုတိုးတက်ခိုင်မာလာရေး ဆွေးနွေးခဲ့ကြသည်။

ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌက နှစ်နိုင်ငံအကြား နိုင်ငံဖြတ်ကျော်မှုခင်းများ၊ မူးယစ်ဆေးဝါး၊ လူကုန်ကူးမှုနှင့် အွန်လိုင်းလိမ်လည်မှုများ ပပျောက်ရေးအတွက် ပူးပေါင်းဆောင်ရွက်မှုများကို ပိုမိုအရှိန်မြှင့်တင်ရန် လိုအပ်ကြောင်း ပြောကြားခဲ့သည်။ ထို့အပြင် နှစ်နိုင်ငံကုန်သွယ်မှုလုပ်ငန်းများ တိုးမြှင့်ဆောင်ရွက်ရေးကိုလည်း ဆွေးနွေးခဲ့သည်။

မြန်မာနိုင်ငံနှင့် ထိုင်းနိုင်ငံတို့သည် လွှတ်တော်နှစ်ရပ်ပါဝင်သည့် Bicameral System ကျင့်သုံးသည့် နိုင်ငံများဖြစ်သည့်အတွက် နှစ်နိုင်ငံလွှတ်တော်များအကြား လွှတ်တော်ချင်း၊ ကော်မတီချင်း ပူးပေါင်းဆောင်ရွက်မှုများအပြင် လူငယ်နှင့် အမျိုးသမီးကိုယ်စားလှယ်များ ပူးပေါင်းဆောင်ရွက်မှုများ မြှင့်တင်နိုင်ရေး ဆွေးနွေးခဲ့ကြသည်။

ထိုသို့ ပူးပေါင်းဆောင်ရွက်နိုင်ရေးအတွက် ပြည်သူ့လွှတ်တော်တွင် မြန်မာ-ထိုင်း လွှတ်တော်ချင်း ချစ်ကြည်ရင်းနှီးရေးအဖွဲ့ ဖွဲ့စည်းထားရှိပြီးဖြစ်ကြောင်းနှင့် နှစ်နိုင်ငံသည် အာဆီယံပါလီမန်များညီလာခံ (AIPA) နှင့် နိုင်ငံတကာပါလီမန်များအဖွဲ့ (IPU) တို့တွင် အဖွဲ့ဝင်နိုင်ငံများဖြစ်သည့်အတွက် အဆိုပါအဖွဲ့အစည်းများမှတစ်ဆင့်လည်း ပူးပေါင်းဆောင်ရွက်မှုများ မြှင့်တင်သွားမည်ဖြစ်ကြောင်း ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌက ပြောကြားသည်။

ထို့ပြင် ထိုင်းကုမ္ပဏီများအပါအဝင် နိုင်ငံခြားရင်းနှီးမြှုပ်နှံသူများ မြန်မာနိုင်ငံတွင် စီးပွားရေးလုပ်ကိုင်ရာ၌ ပိုမိုလွယ်ကူချောမွေ့စေရေးအတွက် မြန်မာနိုင်ငံရင်းနှီးမြှုပ်နှံမှုဥပဒေကို ပြန်လည်သုံးသပ်မှုများ ဆောင်ရွက်လျက်ရှိကြောင်းလည်း ပြောကြားခဲ့သည်။

ထိုင်းနိုင်ငံတွင် သွားရောက်လုပ်ကိုင်နေသည့် မြန်မာအလုပ်သမားများ တရားဝင်အခွင့်အရေးများ ရရှိရေးနှင့် ကူညီစောင့်ရှောက်ပေးရေးကိစ္စများတွင် ထိုင်းနိုင်ငံဘက်မှ ပူးပေါင်းဆောင်ရွက်ပေးရန်လည်း ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌက တိုက်တွန်းပြောကြားခဲ့သည်။

ထိုင်းနိုင်ငံသံအမတ်ကြီးက မြန်မာ-ထိုင်း သံတမန်ဆက်ဆံရေး ၇၈ နှစ်ပြည့်မြောက်ပြီဖြစ်ပြီး မိမိတာဝန်ထမ်းဆောင်စဉ်ကာလအတွင်း နှစ် ၈၀ ပြည့်အခမ်းအနားကို ကျင်းပရမည်ဖြစ်သည့်အတွက် ဝမ်းမြောက်ဂုဏ်ယူမိကြောင်း ပြောကြားခဲ့သည်။

ထို့အပြင် ထိုင်းနိုင်ငံအောက်လွှတ်တော်ဥက္ကဋ္ဌက နှုတ်ခွန်းဆက်သကြောင်း အမှာစကားပါးလိုက်ကြောင်းနှင့် နှစ်နိုင်ငံလွှတ်တော်ချင်း ပူးပေါင်းဆောင်ရွက်မှုမြှင့်တင်ရေးအတွက် ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌအား ထိုင်းနိုင်ငံသို့ တရားဝင်ချစ်ကြည်ရေးခရီး လာရောက်ရန် ဖိတ်ကြားလိုကြောင်း ပြောကြားသည်။

ထိုင်းနိုင်ငံအနေဖြင့် မြန်မာနိုင်ငံမှ လာရောက်လုပ်ကိုင်နေသည့် အလုပ်သမားများအရေးတွင် ကူညီစောင့်ရှောက်ပေးသွားမည်ဖြစ်ပြီး လူငယ်နှင့် အမျိုးသမီးကိုယ်စားလှယ်များ ပူးပေါင်းဆောင်ရွက်မှု မြှင့်တင်ရေး၊ AIPA နှင့် IPU တို့မှတစ်ဆင့် နှစ်နိုင်ငံလွှတ်တော်များ ပူးပေါင်းဆောင်ရွက်နိုင်ရေးတို့ကို အလေးထားဆောင်ရွက်သွားမည်ဖြစ်ကြောင်းလည်း ပြောကြားခဲ့သည်။

တွေ့ဆုံပွဲသို့ ပြည်သူ့လွှတ်တော်ဒုတိယဥက္ကဋ္ဌ ဦးမောင်မောင်အုန်း၊ ပြည်သူ့လွှတ်တော် မြန်မာ-ထိုင်း လွှတ်တော်ချင်း ချစ်ကြည်ရင်းနှီးရေးအဖွဲ့ အတွင်းရေးမှူး ဦးအောင်ကျော်သူနှင့် ပြည်သူ့လွှတ်တော်ရုံးမှ တာဝန်ရှိသူများ၊ ထိုင်းနိုင်ငံသံရုံးမှ တာဝန်ရှိသူများ တက်ရောက်ခဲ့ကြကြောင်း သိရသည်။

Telegram – t.me/positiveanglenews

#PAN
#pyithuhuttaw
#UKhinYi