
(မှုခင်း) ဩဂုတ် ၂၇
အမျိုးသမီးကို တရုတ်ဇနီးမယားအဖြစ် ပို့ဆောင်ရောင်းစားရန် စီစဉ်ဆောင်ရွက်ခဲ့သူကို လူကုန်ကူးမှုဖြင့် အလုပ်နှင့်ထောင်ဒဏ်နှစ် ၂၀ ချမှတ်ခဲ့ပြီး တိမ်းရှောင်တရားခံ စုစုအေး (ခ) မမေအေးနှင့် ကိုညီတို့ကို ရာဇဝတ်ကျင့်ထုံးဥပဒေပုဒ်မ ၅၁၂ အရ ၈၇/၈၈ အတည်ပြုထုတ်ဆင့်ခဲ့ကြောင်း သိရသည်။
ဖြစ်စဉ်မှာ ရှမ်းပြည်နယ် ကွတ်ခိုင်မြို့နယ် ရပ်ကွက် (၂) ပြည်လုံးချမ်းသာရပ်နေ အမျိုးသမီးတစ်ဦးကို ရှမ်းပြည်နယ် မူဆယ်မြို့နယ် တောင်ရပ်ကွက်နေ မအေးခိုင် (ခ) မိခိုင်နှင့် ခင်ပွန်းဖြစ်သူ စိုင်းရှင်းသန့်ကျော်တို့က တရုတ်ယောကျ်ားပေးစားရန် TikTok အကောင့်မှစည်းရုံးပြီး ရှမ်းပြည်နယ် ကျောက်မဲမြို့ ရပ်ကွက် (၂) နေ စုစုအေး (ခ) မမေအေးနှင့် ရန်ကုန်တိုင်းဒေသကြီး ဆိပ်ကြီးခနောင်တိုမြို့နယ်နေ ကိုညီတို့နှင့် ချိတ်ဆက်၍ မူဆယ်မြို့မှတစ်ဆင့် တရုတ်နိုင်ငံသို့ပို့ဆောင်ကာ တရုတ်အမျိုးသားနှင့် အဓမ္မလက်ထပ်စေရန် ပို့ဆောင်ခဲ့ကြောင်း စိစစ်သိရှိရသဖြင့် မူဆယ်မြို့ မရဲစခန်း (ပ) ၁၂၃/၂၀၂၆၊ လူကုန်ကူးမှု တားဆီးနှိမ်နင်းရေးဥပဒေပုဒ်မ ၃၈ (က)/၄၄ ဖြင့် အမှုရေးဖွင့်တရားစွဲတင်ခဲ့ကြောင်းသိရသည်။
ထို့ပြင် ဩဂုတ် ၂၅ ရက်တွင် မူဆယ်ခရိုင်တရားရုံးမှ ဖမ်းမိတရားခံစိုင်းရှင်းသန့်ကျော်ကို ရာဇဝတ်ကျင့်ထုံးဥပဒေပုဒ်မ ၂၅၈ (၁) အရ အမှုမှအပြီးအပြတ်လွှတ်ရန်နှင့် မအေးခိုင် (ခ) မိခိုင်ကို လူကုန်ကူးမှုတားဆီး နှိမ်နင်းရေးဥပဒေပုဒ်မ ၃၅ အရ အလုပ်နှင့် ထောင်ဒဏ် နှစ် ၂၀ ကျခံစေရန် အမိန့်ချမှတ်ခဲ့ပြီး တိမ်းရှောင်တရားခံ စုစုအေး (ခ) မမေအေးနှင့် ကိုညီတို့ကို ရာဇဝတ်ကျင့်ထုံးဥပဒေပုဒ်မ ၅၁၂ အရ ၈၇/၈၈ အတည်ပြုထုတ်ဆင့်ခဲ့ကြောင်း သိရသည်။