
(စီးပွားရေး) ဩဂုတ် ၂၈
ကမ္ဘာ့ရေနံဈေးနှုန်းမှာ ရေနံစိမ်းတစ်စည်လျှင် အမေရိကန်ဒေါ်လာ ၈၃ ဝန်းကျင်ရှိနေချိန်တွင် ပြည်တွင်းစက်သုံးဆီ ရည်ညွှန်းဈေးနှုန်းများလည်း ပြန်လည်မြင့်တက်လာပြီး ဓာတ်ဆီ 92 Ron တစ်လီတာလျှင် ၃,၇၁၀ ကျပ်နှင့် ဒီဇယ်တစ်လီတာလျှင် ၄,၂၄၀ ကျပ်အထိ ရှိလာကြောင်း ဈေးကွက်အတွင်းမှ သိရသည်။
စက်သုံးဆီ တင်သွင်းသိုလှောင်ဖြန့်ဖြူးခြင်းလုပ်ငန်း ကြီးကြပ်ရေးကော်မတီက ဩဂုတ် ၂၈ ရက်တွင် ထုတ်ပြန်သည့် ရည်ညွှန်းဈေးနှုန်းများအရ ရန်ကုန်မြို့၌ စက်သုံးဆီတစ်လီတာဈေးနှုန်းများမှာ ဓာတ်ဆီ 92 Ron ၃,၇၁၀ ကျပ်၊ ဓာတ်ဆီ 95 Ron ၃,၈၁၅ ကျပ်၊ ဒီဇယ် (HSD 500 ppm) ၄,၂၄၀ ကျပ်နှင့် ပရီမီယံဒီဇယ် (HSD 50 ppm/10 ppm) ၅,၁၄၀ ကျပ်တို့ ဖြစ်ကြောင်း သိရသည်။
အဆိုပါ ရည်ညွှန်းဈေးနှုန်းများသည် စက်တင်ဘာ ၃ ရက်အထိ အကျုံးဝင်မည်ဖြစ်ကြောင်း သိရသည်။
ယခုတစ်ပတ် စက်သုံးဆီဈေးနှုန်းများကို ယခင်တစ်ပတ်နှင့် နှိုင်းယှဉ်ပါက ဓာတ်ဆီ 92 Ron တစ်လီတာလျှင် ၁၃၅ ကျပ်၊ ဓာတ်ဆီ 95 Ron တစ်လီတာလျှင် ၁၂၅ ကျပ်၊ ဒီဇယ်တစ်လီတာလျှင် ၁၇၀ ကျပ်နှင့် ပရီမီယံဒီဇယ်တစ်လီတာလျှင် ၂၁၅ ကျပ် အသီးသီး မြင့်တက်လာခဲ့ခြင်းဖြစ်သည်။
စက်သုံးဆီ တင်သွင်းသိုလှောင်ဖြန့်ဖြူးခြင်းလုပ်ငန်း ကြီးကြပ်ရေးကော်မတီအနေဖြင့် ပြည်တွင်းစက်သုံးဆီ ရည်ညွှန်းဈေးနှုန်းများကို MOPS ဈေးနှုန်းအပေါ် အခြေခံ၍ နေ့စဉ်တွက်ချက်ထုတ်ပြန်ပေးလျက်ရှိကြောင်း သိရသည်။
သတ်မှတ်ထားသည့် ရည်ညွှန်းဈေးနှုန်းထက် ပိုမိုရောင်းချခြင်း၊ ဈေးနှုန်းမမှန်ကန်ခြင်းများရှိပါက စက်သုံးဆီ တင်သွင်းသိုလှောင်ဖြန့်ဖြူးခြင်းလုပ်ငန်း ကြီးကြပ်ရေးကော်မတီ၏ ဖုန်းနံပါတ် ၀၁-၄၀၀၃၉၇၃ နှင့် ၀၉-၂၅၄၅၂၅၄၇၇ တို့သို့ ဆက်သွယ်တိုင်ကြားနိုင်ကြောင်း အသိပေးထားသည်။