လိင်တူအချင်းချင်းချစ်ကြိုက်သည့် စာအုပ်များ ရောင်းချနေသည့် Facebook Page ၉ ခုကို ဥပဒေနှင့်အညီ အရေးယူမည်

(မှုခင်း) ဩဂုတ် ၂၈

ပြန်ကြားရေးဝန်ကြီးဌာနက ၂၀၁၄ ခုနှစ် ပုံနှိပ်ခြင်းနှင့်ထုတ်ဝေခြင်းလုပ်ငန်းဥပဒေ၊ နည်းဥပဒေများနှင့်အညီ ပုံနှိပ်ခြင်းနှင့် ထုတ်ဝေခြင်းလုပ်ငန်းများကို ကြီးကြပ်ဆောင်ရွက်လျက်ရှိရာ Facebook Page ၉ ခုသည် အဆိုပါဥပဒေပါ ပြဋ္ဌာန်းချက်များကို ဖောက်ဖျက်ကျူးလွန်သည့်အပြင် လိင်တူအချင်းချင်းချစ်ကြိုက်သည့် BL (Boys’ Love) နှင့် GL (Girls’ Love) စာအုပ်များကို ရောင်းချနေသည့် တရားမဝင်စာမျက်နှာများဖြစ်ကြောင်း တွေ့ရှိရသည်ဟု ထုတ်ပြန်ထားသည်။

ပြန်ကြားရေးဝန်ကြီးဌာန၏ ထုတ်ပြန်ချက်အရ အဆိုပါ Facebook Page ၉ ခုသည် ပုံနှိပ်ခြင်းနှင့်ထုတ်ဝေခြင်းလုပ်ငန်းဥပဒေ ပုဒ်မ ၁၁၊ ပုဒ်မခွဲ (ခ)ပါ ပြည်တွင်း၌ ပုံနှိပ်ထုတ်ဝေခြင်းဖြစ်ပါက ထုတ်ဝေသူက ထုတ်ဝေသည့် မည်သည့်ထုတ်ဝေစာကိုမဆို မှတ်ပုံတင်စာရင်းရေးသွင်းခြင်းနှင့် မူပိုင်ခွင့်လုပ်ငန်းများ ဆောင်ရွက်နိုင်ရန် သတ်မှတ်ချက်များနှင့်အညီ ဝန်ကြီးဌာနသို့ ပေးပို့ရမည်ဆိုသည့် ပြဋ္ဌာန်းချက်ကို ဖောက်ဖျက်ထားကြောင်း သိရသည်။

ထို့အပြင် ပုဒ်မ ၁၅ ပါ သက်ဆိုင်ရာလုပ်ငန်း အသိအမှတ်ပြုလက်မှတ်မရှိဘဲ ပုံနှိပ်ခြင်း၊ ထုတ်ဝေခြင်း သို့မဟုတ် သတင်းအေဂျင်စီလုပ်ငန်း လုပ်ကိုင်ခြင်းမပြုရဆိုသည့် တားမြစ်ချက်ကိုလည်း ဖောက်ဖျက်ကျူးလွန်ထားကြောင်း ဝန်ကြီးဌာနက ထုတ်ပြန်ထားသည်။

ဝန်ကြီးဌာန၏ ထုတ်ပြန်ချက်တွင် BL (Boys’ Love) နှင့် GL (Girls’ Love) စာအုပ်များကို မြန်မာ့ယဉ်ကျေးမှုနှင့် ကိုက်ညီခြင်းမရှိဘဲ လူငယ်များ၏ တွေးခေါ်မြော်မြင်မှုနှင့် ခံစားနားလည်မှုကို လွဲမှားစေနိုင်သည့် စာအုပ်များအဖြစ် သတ်မှတ်ဖော်ပြထားသည်။

ပြန်ကြားရေးဝန်ကြီးဌာနအနေဖြင့် ပုံနှိပ်ခြင်းနှင့် ထုတ်ဝေခြင်းလုပ်ငန်းဥပဒေပါ ပြဋ္ဌာန်းချက်များနှင့်အညီ ထုတ်ဝေစာများကို ဖတ်ရှုလေ့လာ၍ စိစစ်ကြပ်မတ်လျက်ရှိကြောင်း သိရသည်။

ထို့အပြင် ဥပဒေပါ စည်းကမ်းချက်များကို ဖောက်ဖျက်ကျူးလွန်သည့် ထုတ်ဝေစာများကို ထုတ်ဝေသည့် ပုံနှိပ်သူ၊ ထုတ်ဝေသူများနှင့် ပုံနှိပ်မှတ်တမ်း ဖော်ပြထားခြင်းမရှိသည့် တရားမဝင်ထုတ်ဝေစာများကို ရောင်းချနေသည့် စာအုပ်အရောင်းဆိုင်များကို တည်ဆဲဥပဒေများနှင့်အညီ တရားစွဲဆိုအရေးယူမှုများ ဆောင်ရွက်လျက်ရှိကြောင်း ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

သို့ဖြစ်၍ ပုံနှိပ်သူ၊ ထုတ်ဝေသူများအနေဖြင့် ပုံနှိပ်ခြင်းနှင့် ထုတ်ဝေခြင်းလုပ်ငန်းဥပဒေကို လေးစားလိုက်နာကြရန်နှင့် BL၊ GL စာအုပ်များကို ရောင်းချနေသည့် တရားမဝင်စာအုပ်အရောင်းဆိုင်များ၊ Facebook Page များအနေဖြင့်လည်း ဥပဒေပါ စည်းကမ်းချက်များကို လိုက်နာရန် ပြန်ကြားရေးဝန်ကြီးဌာနက အသိပေးထားသည်။

ဥပဒေပါ စည်းကမ်းချက်များကို ဖောက်ဖျက်ထားသည့် ထုတ်ဝေစာများကို ဆက်လက်ရောင်းချခြင်းများ ပြုလုပ်ပါက တည်ဆဲဥပဒေများနှင့်အညီ တရားစွဲဆိုအရေးယူ ဆောင်ရွက်သွားမည်ဖြစ်ကြောင်းလည်း ဝန်ကြီးဌာနက သတိပေးကြေညာထားသည်။