ကလေးမြို့တွင် ငွေကျပ် ၁၅ ဘီလီယံကျော်တန်ဖိုးရှိ စိတ်ကြွဆေးပြား ၆ သန်းကျော် ဖမ်းဆီးရမိ

(မှုခင်း) သြဂုတ် ၂၄

စစ်ကိုင်းတိုင်းဒေသကြီး၊ ကလေးမြို့တွင် ငွေကျပ် ၁၅ ဘီလီယံကျော်တန်ဖိုးရှိ စိတ်ကြွဆေးပြား ၆ သန်းကျော် ဖမ်းဆီးရမိကြောင်း သိရသည်။

ဩဂုတ်လ ၁၅ ရက်နေ့ ည၇ နာရီခွဲအချိန်တွင် လုံခြုံရေးတပ်ဖွဲ့ဝင်များပါဝင်သော ပူးပေါင်းအဖွဲ့သည် သတင်းအရ ကလေးမြို့၊ စမ်းမြို့ရပ်ကွက်ရှိနေအိမ်တွင် မျိုးမြင့်နိုင်(ခ)ကိုမျိုး နှင့် ထွန်းထွန်းနိုင်(ခ)ဗန်လျန်းမွန်နာ(ခ)ဆန်းဒယ်ဘတယ်(ခ)ဗဒင် တို့အား စိတ်ကြွဆေးပြား ၆ ဒသမ ၂ သန်း(၎င်းဒေသတန်ဖိုးငွေကျပ် ၁၅ ဒသမ ၅ ဘီလီယံ)နှင့်အတူ ဖမ်းဆီးရမိခဲ့ပါသည်။

ဆက်လက်ပြီး ကွင်းဆက်စစ်ဆေးဖော်ထုတ်ချက်အရ ဖမ်းဆီးရမိ စိတ်ကြွဆေးပြားများအား စစ်ကိုင်းမှ ကလေးသို့ သယ်ဆောင်ခိုင်းသူမှာ နမ့်စန်မြို့နယ်၊ ပန်လင်းဆိုင်ရွာနေ ကျော်မြင့်(ခ)သာရှည်ကော(ဖမ်းဆီးရန်ကျန်)ဖြစ်ပြီး ကလေးမြို့၊ စမ်းမြို့ရပ်ကွက်နေ လာလ်ရိုဒင်းငါ(ခ)ဒင်းသဲ၊ ရန်ကုန်မြို့နေ မောင်သန်း နှင့် တီးတိန်မြို့နေ အင်းဆွင်းပုမ်း(ဖမ်းဆီးရန်ကျန်)တို့ ၃ ဦးမှ ဝယ်ယူခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

၎င်းတို့အား မူးယစ်ဆေးဝါးနှင့် စိတ်ကိုပြောင်းလဲစေသောဆေးဝါးများဆိုင်ရာဥပဒေအရ အရေးယူထားရှိပြီး ကွင်းဆက်ပြစ်မှုကျူးလွန်သူများအား ဆက်လက်စစ်ဆေးဖော်ထုတ်လျက်ရှိကြောင်းနှင့် ၎င်းတို့၏ မူးယစ်ဆေးဝါး သယ်ဆောင်ရောင်းဝယ်ရာမှရရှိသည့် ငွေကြေးအကျိုးအမြတ်များ၊ ပိုင်ဆိုင်မှုများကို ပြည်သူ့ဘဏ္ဍာအဖြစ် သိမ်းဆည်းနိုင်ရေးအတွက် ငွေကြေးခဝါချမှုတိုက်ဖျက်ရေးဥပဒေဖြင့် ဆက်လက်အရေးယူဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

Telegram»…https://t.me/positiveanglenews

#PAN