အမေရိကန်၏ အကြီးမားဆုံး ဘဏ္ဍာရေးထိုးနှက်မှုကို အီရန်၏ ကုန်သွယ်ဖက်နိုင်ငံများအပေါ် စတင်မည်

(နိုင်ငံတကာ) ဩဂုတ် ၂၄

အမေရိကန်နိုင်ငံသည် အီရန်နှင့် ကုန်သွယ်ရေး၊ ဘဏ္ဍာရေးဆက်ဆံမှုများ ပြုလုပ်နေသည့် နိုင်ငံများကိုပါ ပစ်မှတ်ထားသည့် စီးပွားရေးပိတ်ဆို့အရေးယူမှုများကို ယနေ့ ဩဂုတ် ၂၄ ရက်တွင် စတင်ချမှတ်ရန် ပြင်ဆင်နေပြီး “သမိုင်းတစ်လျှောက် အကြီးမားဆုံး ဘဏ္ဍာရေးထိုးနှက်မှု” ပြုလုပ်မည်ဟု အမေရိကန်ဘဏ္ဍာရေးဝန်ကြီး Scott Bessent က သတိပေးထားသည်။

Bessent သည် အမေရိကန်အရှေ့ပိုင်းစံတော်ချိန် မွန်းလွဲ ၁ နာရီတွင် သတင်းစာရှင်းလင်းပွဲပြုလုပ်မည်ဖြစ်ပြီး ၁၉၇၉ ခုနှစ် အစ္စလာမ်မစ်တော်လှန်ရေးနောက်ပိုင်း ဆယ်စုနှစ်များစွာ အမေရိကန်၏ စီးပွားရေးပိတ်ဆို့မှုများကို ခံနေရသည့် အီရန်အပေါ် ထပ်မံချမှတ်မည့် ပြင်းထန်သည့် အရေးယူမှုများ၏ အသေးစိတ်ကို ထုတ်ဖော်ပြောကြားမည်ဖြစ်သည်။

Bessent က Financial Times တွင် ရေးသားရာ၌ ယခုအချိန်သည် “အမေရိကန်၏ ပြိုင်ဘက်တစ်နိုင်ငံအပေါ် ပြုလုပ်ခဲ့သည့် သမိုင်းတစ်လျှောက် အကြီးမားဆုံး ဘဏ္ဍာရေးထိုးနှက်မှု စတင်မည့်နေ့” ဖြစ်ကြောင်း ဖော်ပြခဲ့သည်။

အမေရိကန်နှင့် အီရန်တို့အကြား စစ်ရေးတိုက်ခိုက်မှုများမှာ ရက်သတ္တပတ်များစွာ ရပ်တန့်နေသော်လည်း ခြောက်လနီးပါးကြာ စစ်ပွဲအဆုံးသတ်ရေးအတွက် အဓိပ္ပာယ်ရှိသည့် တိုက်ရိုက်ဆွေးနွေးမှုများ မပြုလုပ်နိုင်သေးကြောင်း Reuters က ဖော်ပြသည်။

တစ်ဖက်တွင် အီရန်ကလည်း အမေရိကန်၏ စီးပွားရေးစစ်ပွဲ ဆက်လက်ပြုလုပ်ပါက ပါရှန်ပင်လယ်ကွေ့မှ ရေနံတင်ပို့မှုအားလုံးကို ရပ်တန့်ပစ်မည်ဟု တုံ့ပြန်ခြိမ်းခြောက်ထားသည်။

အီရန်အမျိုးသားလုံခြုံရေးကောင်စီ အတွင်းရေးမှူး Mohsen Rezaei က အမေရိကန်၏ စီးပွားရေးစစ်ပွဲ ဆက်လက်ဖြစ်ပွားပါက “ရေနံတစ်စက်ပင် တင်ပို့မည်မဟုတ်” ဟု လူမှုကွန်ရက်မှတစ်ဆင့် ပြောကြားခဲ့သည်။ ဟော်မုဇ်ရေလက်ကြားမှသာမက ပါရှန်ပင်လယ်ကွေ့အတွင်း မည်သည့်နေရာမှမဆို ရေနံတင်ပို့မှု ရပ်တန့်သွားမည်ဟုလည်း ၎င်းက ဆိုသည်။

ဖေဖော်ဝါရီ ၂၈ ရက်တွင် အမေရိကန်နှင့် အစ္စရေးတို့က အီရန်ကို စတင်တိုက်ခိုက်ခဲ့ပြီးနောက် လူထောင်ပေါင်းများစွာ သေဆုံးခဲ့ကာ အများစုမှာ အီရန်နှင့် လက်ဘနွန်နိုင်ငံတို့မှ ဖြစ်ကြောင်း Reuters က ဖော်ပြသည်။ အဆိုပါတိုက်ခိုက်မှုများကြောင့် အီရန်၏ စစ်ရေးစွမ်းရည်များ ထိခိုက်ပျက်စီးခဲ့သည့်အပြင် စီးပွားရေးအရလည်း ပြင်းထန်စွာ ထိခိုက်ခဲ့သည်။

သို့သော် အီရန်တွင် ဒုံးကျည်နှင့် ဒရုန်းများ အသုံးပြုတိုက်ခိုက်နိုင်သည့် စွမ်းရည်များ ကျန်ရှိနေသေးပြီး ပင်လယ်ကွေ့ဒေသရှိ နိုင်ငံများကို တိုက်ခိုက်ခြင်းနှင့် ဟော်မုဇ်ရေလက်ကြားအတွင်း ရေနံတင်သင်္ဘောများကို ခြိမ်းခြောက်ခြင်းများ ပြုလုပ်နိုင်သေးသည်။

ယင်းအခြေအနေကြောင့် ကမ္ဘာ့အရေးပါသည့် ရေနံသယ်ယူပို့ဆောင်ရေးလမ်းကြောင်းဖြစ်သော ဟော်မုဇ်ရေလက်ကြားတွင် သင်္ဘောသွားလာမှုများ ရပ်တန့်လုနီးပါးဖြစ်နေပြီး ကမ္ဘာ့လောင်စာဆီဈေးနှုန်းများအပေါ် ဖိအားများ ဖြစ်ပေါ်နေသည်။

Bessent က အီရန်နှင့် စီးပွားရေး၊ ဘဏ္ဍာရေးဆက်ဆံမှုများ ဆက်လက်ပြုလုပ်နေသည့် နိုင်ငံများကိုလည်း အမေရိကန်၏ ပိတ်ဆို့အရေးယူမှုများအတွင်း ပစ်မှတ်ထားသွားမည်ဟု အရိပ်အမြွက် ပြောကြားထားသည်။

အမေရိကန်က တရုတ်နိုင်ငံကိုလည်း အီရန်နှင့် ပူးပေါင်းဆောင်ရွက်မှုများအပေါ် အမေရိကန်ဘက်မှ ပူးပေါင်းရန် တိုက်တွန်းထားသည်။ သို့သော် ဝါရှင်တန်ရှိ တရုတ်သံရုံးက ပိတ်ဆို့အရေးယူမှုနှင့် ဖိအားပေးမှုများသည် ပြဿနာကို ဖြေရှင်းပေးနိုင်မည်မဟုတ်ကြောင်း တုံ့ပြန်ခဲ့ပြီး သံတမန်ရေးနည်းလမ်းဖြင့် ဖြေရှင်းရန် တိုက်တွန်းထားသည်။

အီရန်စီးပွားရေးသည် အမေရိကန်နှင့် အစ္စရေးတို့၏ တိုက်ခိုက်မှုများ မဖြစ်ပွားမီကတည်းက နိုင်ငံတကာပိတ်ဆို့အရေးယူမှုများ၊ ငွေကြေးဖောင်းပွမှု၊ နိုင်ငံသုံးငွေကြေးတန်ဖိုးကျဆင်းမှုနှင့် စွမ်းအင်ပြတ်လပ်မှုတို့ကြောင့် ဖိအားများနှင့် ရင်ဆိုင်နေရခြင်းဖြစ်သည်။ ယခုအခါ အခြေခံအဆောက်အအုံများ ပျက်စီးခြင်း၊ ကုန်သွယ်မှုထိခိုက်ခြင်း၊ ထုတ်လုပ်မှုကျဆင်းခြင်းနှင့် ပြန်လည်တည်ဆောက်ရေးကုန်ကျစရိတ်များကိုပါ ရင်ဆိုင်နေရကြောင်း Reuters က ဖော်ပြသည်။

အမေရိကန်နှင့် အီရန်တို့အကြား တိုက်ရိုက်ဆွေးနွေးမှုများ မရှိသေးသည့်အချိန်တွင် ကာတာ၊ ပါကစ္စတန်နှင့် တူရကီတို့က စစ်ပွဲအဆုံးသတ်ရေးအတွက် သံတမန်ရေးနည်းလမ်းဖြင့် ကြားဝင်ညှိနှိုင်းရန် ကြိုးပမ်းနေကြသည်။

ထို့အပြင် ပါကစ္စတန်စစ်တပ်အကြီးအကဲ Asim Munir သည် ဒေသတွင်း ငြိမ်းချမ်းရေးနှင့် လုံခြုံရေး ပြန်လည်ရရှိရေး ကြိုးပမ်းမှုတစ်စိတ်တစ်ပိုင်းအဖြစ် ဩဂုတ် ၂၄ ရက်တွင် အီရန်နိုင်ငံ တီဟီရန်မြို့သို့ သွားရောက်မည်ဖြစ်ကြောင်း အီရန်ဘက်က ပြောကြားထားသည်။

အမေရိကန်၏ ပိတ်ဆို့အရေးယူမှုအသစ်များသည် အီရန်အပေါ်သာမက အီရန်နှင့် ကုန်သွယ်ရေးဆက်ဆံနေသည့် နိုင်ငံများအပေါ်ပါ သက်ရောက်လာနိုင်သဖြင့် ကမ္ဘာ့ရေနံဈေးကွက်နှင့် ဒေသတွင်းကုန်သွယ်ရေးအပေါ် မည်မျှအထိ ရိုက်ခတ်မည်ဆိုသည်မှာ စောင့်ကြည့်ရမည့် အခြေအနေဖြစ်သည်။