ဂျပန်ရောက် မြန်မာနိုင်ငံသားများ နိုတြီစာရွက်စာတမ်းများ ဆောင်ရွက်ရာတွင် ပွဲစားများမှတစ်ဆင့် အတုအပပြုလုပ်မှုများကို သတိပြုရန် သံရုံးအသိပေး

(နိုင်ငံတကာ) ဇူလိုင် ၂၅

ဂျပန်နိုင်ငံရောက် မြန်မာနိုင်ငံသားများ၏ နိုတြီစာရွက်စာတမ်း ထပ်ဆင့်ထောက်ခံချက် လျှောက်ထားမှုများတွင် ဂျပန်နိုင်ငံရှိ ပွဲစားများမှတစ်ဆင့် သက်ဆိုင်ရာအရာထမ်းများ၏ လက်မှတ်နှင့် တံဆိပ်များကို အတုအပပြုလုပ်ထားသည့် စာရွက်စာတမ်းများ တွေ့ရှိရသဖြင့် သတိပြုကြရန် မြန်မာသံရုံး (တိုကျို) က ဇူလိုင်လ ၂၄ ရက်တွင် အသိပေးထုတ်ပြန်ခဲ့သည်။

မြန်မာသံရုံး၏ ထုတ်ပြန်ချက်အရ ဂျပန်နိုင်ငံတွင် ပညာသင်ကြားခြင်း၊ အလုပ်အကိုင်နှင့် စီးပွားရေးလုပ်ငန်းများအတွက် လိုအပ်သည့် စာရွက်စာတမ်းများကို နိုတြီဘာသာပြန်ဆိုရာတွင် ပြည်ထောင်စုတရားလွှတ်တော်ချုပ်ရုံးက အသိအမှတ်ပြုထားသည့် နိုတြီပဗ္ဗလစ်ရှေ့နေများ၏ ထောက်ခံချက်ရရှိထားသည့် စာရွက်စာတမ်းများကိုသာ နိုင်ငံခြားရေးဝန်ကြီးဌာန၊ ကောင်စစ်ရေးရာနှင့် ဥပဒေရေးရာဦးစီးဌာန၊ နိုတြီဌာနစိတ်က ထပ်ဆင့်ထောက်ခံပေးလျက်ရှိကြောင်း သိရသည်။

ထို့ကြောင့် နိုတြီစာရွက်စာတမ်း ထပ်ဆင့်ထောက်ခံချက် လျှောက်ထားလိုသူများအနေဖြင့် မလိုလားအပ်သည့် နစ်နာဆုံးရှုံးမှုများ မဖြစ်ပေါ်စေရေးနှင့် စာရွက်စာတမ်းအတုအပ ပြုလုပ်ခံရမှုများမှ ကာကွယ်နိုင်ရေးအတွက် ဂျပန်နိုင်ငံရှိ ပွဲစားများမှတစ်ဆင့် ဆောင်ရွက်ခြင်းမပြုကြရန် မြန်မာသံရုံးက သတိပေးထားသည်။

အလားတူ မြန်မာနိုင်ငံရှိ မိသားစုဝင်များအား ကိုယ်စားလှယ်လွှဲအပ်၍ နိုင်ငံခြားရေးဝန်ကြီးဌာန (နေပြည်တော်နှင့် ရန်ကုန်) တွင် ထောက်ခံချက်ရယူထားသည့် မှန်ကန်စိတ်ချရသော နိုတြီစာရွက်စာတမ်းများကိုသာ မြန်မာသံရုံး (တိုကျို) က ထပ်ဆင့်ထောက်ခံပေးမည်ဖြစ်ကြောင်း ဖော်ပြထားသည်။

ထို့ပြင် သံရုံးအနေဖြင့် သက်တမ်း (၆) လအတွင်းရှိသော နိုတြီစာရွက်စာတမ်းများကိုသာ ထပ်ဆင့်ထောက်ခံချက် ဆောင်ရွက်ပေးမည်ဖြစ်ကြောင်း အသိပေးထားသည်။