

(မှုခင်း) ဇူလိုင် ၂၅
နိုင်ငံတော်အစိုးရက အမျိုးသားရေးတာဝန်တစ်ရပ်အဖြစ် ဆောင်ရွက်နေသည့် အွန်လိုင်းလိမ်လည်မှုနှင့် အွန်လိုင်းလောင်းကစား တိုက်ဖျက်ရေးလုပ်ငန်းစဉ်အရ ရှမ်းပြည်နယ်(မြောက်ပိုင်း) မူဆယ်မြို့၌ လုံခြုံရေးပူးပေါင်းအဖွဲ့များက စစ်ဆေးနှိမ်နင်းမှုများ ဆောင်ရွက်ခဲ့ရာ အွန်လိုင်းလိမ်လည်လောင်းကစားမှုတွင် ပါဝင်သူ ၅၅ ဦးကို ဖမ်းဆီးရမိခဲ့ကြောင်း သိရသည်။
ယနေ့ နံနက် ၁၀ နာရီ ၄၀ မိနစ်ခန့်က မူဆယ်မြို့ စွမ်စော်ရပ်ကွက် စွမ်စော်(၂)လမ်းရှိ နေအိမ်တစ်လုံးကို ဝင်ရောက်စစ်ဆေးရာ တရုတ်နိုင်ငံသား အမျိုးသား ၁၇ ဦး၊ မြန်မာနိုင်ငံသား အမျိုးသား ၁၂ ဦးနှင့် အမျိုးသမီး ၁၅ ဦး စုစုပေါင်း ၄၄ ဦးကို ဖုန်း ၃၃ လုံး၊ All-in-One ကွန်ပျူတာ ၃၈ လုံး၊ Laptop ၁ လုံး၊ Starlink စက် ၁ လုံးနှင့် ဆိုင်ကယ် ၈ စီးတို့နှင့်အတူ ဖမ်းဆီးရမိခဲ့သည်။
ထို့နောက် နံနက် ၁၁ နာရီ ၁၀ မိနစ်ခန့်တွင် အဆိုပါလမ်းအတွင်းရှိ အခြားနေအိမ်တစ်လုံးကို ဆက်လက်စစ်ဆေးရာ မြန်မာနိုင်ငံသား အမျိုးသား ၁၁ ဦးကို All-in-One ကွန်ပျူတာ ၃၃ လုံး၊ CPU ၃ လုံးနှင့် UPS ၅ လုံးတို့နှင့်အတူ ထပ်မံဖမ်းဆီးရမိခဲ့ကြောင်း သိရသည်။
ဖမ်းဆီးရမိသူများကို လိုအပ်သည့် စစ်ဆေးမှုများ ဆောင်ရွက်ပြီးနောက် တည်ဆဲဥပဒေများနှင့်အညီ ထိရောက်စွာ အရေးယူသွားမည်ဖြစ်ပြီး၊ သိမ်းဆည်းရမိသည့် ပစ္စည်းများကိုလည်း လုပ်ထုံးလုပ်နည်းနှင့်အညီ ဆက်လက်ဆောင်ရွက်သွားမည်ဖြစ်ကြောင်း သိရသည်။
ထို့ပြင် အွန်လိုင်းလိမ်လည်မှုနှင့် အွန်လိုင်းလောင်းကစားမှုများ မြန်မာနိုင်ငံအတွင်း အခြေချလုပ်ကိုင်နိုင်ခြင်းမရှိစေရေးအတွက် အိမ်နီးချင်းနိုင်ငံများ၊ ဒေသတွင်းနိုင်ငံများနှင့် နိုင်ငံတကာအဖွဲ့အစည်းများနှင့် ပူးပေါင်းကာ တိုက်ဖျက်ရေးလုပ်ငန်းများကို ဆက်လက်အရှိန်မြှင့် ဆောင်ရွက်သွားမည်ဖြစ်ကြောင်း သိရသည်။