နေတိုးထိပ်သီးအစည်းအဝေးကျင်းပစဉ် ရုရှားက ယူကရိန်းမြို့တော် ကိဗ်ကို တစ်ပတ်အတွင်း တတိယအကြိမ်မြောက် အကြီးစားဗုံးကြဲတိုက်ခိုက်၊ သမ္မတထရန့်နှင့် ဇလန်းစကီးတို့ တွေ့ဆုံရန် ပြင်ဆင်နေ

(နိုင်ငံတကာ) ဇူလိုင် ၈

    တူရကီနိုင်ငံ၊ အင်ကာရာမြို့တွင် နေတိုး(NATO) ခေါင်းဆောင်များ၏ နှစ်ပတ်လည်ထိပ်သီးအစည်းအဝေး ကျင်းပနေချိန်နှင့် တိုက်ဆိုင်၍ ရုရှားစစ်တပ်က ယူကရိန်းမြို့တော် ကိဗ်(Kyiv)ကို တစ်ပတ်မပြည့်မီအချိန်အတွင်း တတိယအကြိမ်မြောက် အကြီးစား ဒုံးကျည်တိုက်ခိုက်မှုများ ပြုလုပ်ခဲ့ကြောင်း သိရသည်။                 

     ဗုဒ္ဓဟူးနေ့အစောပိုင်းက ဖြစ်ပွားခဲ့သော အဆိုပါ တိုက်ခိုက်မှုများကြောင့် ကိဗ်မြို့တော်၏ ခရိုင်နှစ်ခုတွင် မီးလောင်မှုများဖြစ် ပွားကာ အရပ်သားများ ဒဏ်ရာရရှိခဲ့ကြောင်း ကိဗ်မြို့တော်ဝန် ဗီတာလီ ကလစ်ချက်ကိုက တယ်လီဂရမ်မှတစ်ဆင့် အတည်ပြုသည်။                          

     ၄ နှစ်တာ ကာလအတွင်းသို့ ဝင်ရောက်လာပြီဖြစ်သော ရုရှား-ယူကရိန်းစစ်ပွဲသည် ယခုအခါ နှစ်ဖက်စလုံးက အဝေးပစ် ဒုံး ကျည်နှင့် ဒရုန်းလက်နက်များကို တိုးမြှင့်အသုံးပြုကာ စစ်မျက်နှာသစ်တစ်ခုကို ဖော်ဆောင်လာကြသည်။ ရုရှားက ယူကရိန်းမြို့ တော် ကိဗ်အပြင် တောင်ပိုင်းဆိပ်ကမ်းမြို့ အိုဒက်ဆာ (Odesa) ကိုပါ ဒုံးကျည်ဖြင့် ပစ် ခတ်ခဲ့သဖြင့် လူ ၁၀ ဦးထက်မနည်း ဆေး ရုံတင်လိုက်ရပြီး၊ ပြီးခဲ့သည့် တနင်္လာနေ့ တိုက်ခိုက်မှုတွင်လည်း ကိဗ်၌ လူ ၁၄ ဦး သေဆုံးခဲ့ရသည်။                     

      တစ်ဖက်တွင်လည်း ယူကရိန်းစစ်တပ်က ရုရှား၏ စစ်အင် အားကို ချိနဲ့သွားစေရန် စွမ်းအင်ကဏ္ဍများကို ပစ်မှတ်ထားတိုက် ခိုက်လျက်ရှိသည်။ ယူကရိန်းဒရုန်းများသည် ပြီးခဲ့သည့် နှစ်ရက်အတွင်း ရုရှားသိမ်းပိုက်ထားသည့် ခရိုင်းမီးယားသို့ လောင်စာဆီပို့ဆောင်နေသော ရုရှား၏ Shadow fleet မှ ပိတ်ဆို့အရေးယူခံထားရသည့် ရေနံတင်သင်္ဘော ၁၂ စီးခန့်ကို အေဇော့ဗ်ပင်လယ် (Sea of Azov) အတွင်း ဒရုန်းများဖြင့် ထိရောက်စွာ ဗုံးကြဲတိုက် ခိုက်ခဲ့ကြောင်း သိရသည်။

     ယခုတိုက်ခိုက်မှုများသည် အင်ကာရာတွင် ကာကွယ်ရေးအသုံးစရိတ်နှင့် ယူကရိန်းစစ်ပွဲကိစ္စများကို ဆွေးနွေးနေသည့် နေတိုးထိပ်သီးအစည်းအဝေးအတွင်း ဖြစ်ပွားခဲ့ခြင်း ဖြစ်သည်။ ယူကရိန်းသမ္မတ ဗိုလိုဒီမာ ဇလန်းစကီးသည် လေကြောင်းကာ ကွယ်ရေးစနစ်များ အရေးပေါ်ကူညီရန် နေတိုးကို တိုက်တွန်းနေပြီး အစည်းအဝေးအတွင်း အက်စတိုးနီးယား၊ နယ်သာလန်၊ ဒိန်းမတ်နိုင်ငံတို့နှင့် ကာကွယ်ရေးနည်းပညာ ပူးတွဲထုတ်လုပ်ရေး သဘောတူညီချက်အသစ်များကို လက်မှတ်ရေးထိုးခဲ့သည်။           

     ထို့အပြင် အစည်းအဝေးမတိုင်မီ ရုရှားသမ္မတ ပူတင်နှင့် ဖုန်းဖြင့်ဆွေးနွေးခဲ့သော အမေရိကန်သမ္မတ ဒေါ်နယ်ထရန့်သည် ယနေ့ ဗုဒ္ဓဟူးနေ့တွင် ဇလန်းစကီးနှင့် ဘေးပန်းဆွေးနွေးပွဲအဖြစ် တွေ့ဆုံရန် ရှိနေသည်။ သမ္မတထရန့်က ယခုစစ်ပွဲနှင့်ပတ် သက်၍ “သူတို့နှစ်ယောက်စလုံး သဘော တူညီချက်တစ်ခု ရယူချင်ကြတယ်လို့ ကျွန်တော်ထင်ပါတယ်။ ဒီလောက်အထိ အချိန်အကြာကြီး ယူခဲ့ရတာ စိတ်မကောင်းစရာပေမယ့် မကြာခင်မှာ စစ်ပွဲပြေလည်မယ့် အဖြေတစ်ခုခု ထွက်လာလိမ့်မယ်လို့ မျှော်လင့်ပါတယ်” ဟု ပြောကြားခဲ့သည်။

Telegram»…
https://t.me/positiveanglenews

#PAN