ယူအေအီးမှ ပျံသန်းလာသည့် K2 Airways ပိုင် ဘိုးအင်း ၇၃၇ ကုန်တင်လေယာဉ် ခရာချီကမ်းလွန်တွင် ရုတ်တရက် အဆက်အသွယ်ပြတ်တောက် ပျောက်ဆုံး၊ ရေတပ်နှင့် လေတပ် ပူးပေါင်းကာ အရေးပေါ် ရှာဖွေရေးလုပ်ဆောင်နေ

(နိုင်ငံတကာ) ဇူလိုင် ၈

     အာရပ်စော်ဘွားများပြည်နယ် (UAE) ရှာဂျာမြို့မှ ပါကစ္စတန်နိုင်ငံ ခရာချီမြို့သို့ ပျံသန်းလာသည့် ပုဂ္ဂလိကပိုင် K2 Airways လေကြောင်းလိုင်း၏ ဘိုးအင်း ၇၃၇ (Boeing 737) ကုန်တင်လေယာဉ်တစ်စင်းသည် အမှုထမ်း ၅ ဦးနှင့်အတူ ပါကစ္စတန်တောင်ဘက်စွန်း ခရာချီကမ်းလွန်ပင်လယ်ပြင်တွင် ရုတ်တရက် အဆက်အသွယ်ပြတ်တောက် ပျောက်ဆုံးသွားသဖြင့် တပ်မ တော် (ရေ၊ လေ) အပါအဝင် အေဂျင်စီအသီးသီးက အရေးပေါ် ရှာဖွေကယ်ဆယ်ရေးလုပ်ငန်းများ လုပ်ဆောင်နေရကြောင်း ပါကစ္စတန် လေဆိပ်အာဏာပိုင်အဖွဲ့က ထုတ်ပြန်လိုက်သည်။          

     အဆိုပါ ကုန်တင်လေယာဉ်သည် ဒေသစံတော်ချိန် အင်္ဂါနေ့ ည ၉:၂၁ နာရီ (ဂရင်းနစ်စံတော်ချိန် ၁၆:၂၁ နာရီ) တွင် လေ ကြောင်းထိန်းသိမ်းရေးမျှော်စင်နှင့် အဆက် အသွယ် လုံးဝပြတ်တောက်သွားခဲ့ခြင်းဖြစ်သည်။ လေဆိပ်အာဏာပိုင်များ၏ အဆိုအရ လေယာဉ်သည် အဆက် အသွယ်မပြတ်မီ မိနစ်ပိုင်းအလိုတွင် ၎င်းတို့၏ လမ်းညွှန်စနစ် (Navigation system)တွင် ပြဿနာတစ်စုံတစ်ရာ ရှိနေကြောင်း သတင်းပို့ခဲ့သည်ဟု သိရသည်။             

    ထို့ပြင် လေကြောင်းပျံသန်းမှု ခြေရာခံသည့် ပလက်ဖောင်းတစ်ခုဖြစ်သော Flightradar24 ၏ ကနဦးအချက်အလက်များအရ လေယာဉ်သည် အဆက်အသွယ် ပြတ်တောက်ခါနီးအချိန်တွင် အမြင့်ပေပိုင်း၌ ရုတ်တရက် အတက်အကျ ပြင်းထန်စွာ ဖြစ်ပွားခဲ့ပြီးနောက် မြေပြင်/ရေ ပြင်ဆီသို့ မတ်စောက်စွာ အရှိန် အဟုန်ဖြင့် ထိုးဆင်းသွားခဲ့ကြောင်း မှတ်တမ်းတင်ထားသည်။                

     ပျောက်ဆုံးလေယာဉ်ကို မောင်းနှင်ခဲ့သည့် ကာရာချီအခြေ စိုက် ပုဂ္ဂလိက ကုန်တင်လေကြောင်းလိုင်းတစ်ခုဖြစ်သော K2 Airways သည် ယနေ့ ဗုဒ္ဓဟူးနေ့တွင် ကြေညာ ချက်တစ်စောင် ထုတ်ပြန်ခဲ့ပြီး လေယာဉ်ပေါ်ပါ အမှုထမ်း ၅ ဦး၏ မည်သူမည်ဝါဖြစ်ကြောင်း အတည်ပြုထုတ်ဖော်ခဲ့သည်။

    ၎င်းတို့အနေဖြင့် ပါကစ္စတန် အရပ်ဘက်လေကြောင်းအာဏာ ပိုင်အဖွဲ့၊ အစိုးရအေဂျင်စီများနှင့် အပြည့်အဝ ပူးပေါင်းဆောင် ရွက်လျက်ရှိပြီး လုပ်ဖော်ကိုင်ဖက်များ၏ ဘေးကင်းလုံခြုံရေးအတွက် လှိုက်လှိုက်လှဲလှဲ ဆုတောင်းပေးနေကြောင်း ဆိုသည်။               

     ပါကစ္စတန်နိုင်ငံတွင် နောက်ဆုံးဖြစ်ပွားခဲ့သည့် အဓိက လေ ကြောင်းမတော်တဆမှုမှာ ၂၀၂၀ ပြည့်နှစ်က ဖြစ်ပွားခဲ့ပြီး အဆို ပါဖြစ်စဉ်တွင် Pakistan International Airlines ပိုင် လေ ယာဉ်တစ်စင်း ခရာချီလေဆိပ်အနီး ပျက်ကျခဲ့ရာ လူ ၉၇ ဦး သေ ဆုံးခဲ့ဖူးသည်။                    

    လက်ရှိတွင် ပါကစ္စတန်ရေတပ်နှင့် လေတပ်တို့သည် လေ ယာဉ် ပျောက်ဆုံးသွားသည့် ကမ်းလွန်ပင်လယ်ပြင် ဧရိယာတစ် ဝိုက်သို့ စစ်ဆင် ရေးအသွင်ဖြင့် ရှာဖွေရေးလုပ်ငန်းများ အပြင်း အထန် လုပ်ဆောင်လျက်ရှိသည်။         

Telegram»…
https://t.me/positiveanglenews

#PAN