ဆက်ကြေးမပေးသည့်အတွက် ရွှေဆိုင်ပိုင်ရှင်အိမ်အား KIA ဗုံးခွဲ

(ပြည်တွင်း) ဇူလိုင် ၈

ရှမ်းပြည်နယ်(မြောက်ပိုင်း) မူဆယ်မြို့ ခရစ်ယာန်ရပ်ကွက်ရှိ စိန်ဖူးရွှေဆိုင်ပိုင်ရှင်၏ နေအိမ်ကို ဇူလိုင် ၆ ရက် ည ၁၁ နာရီခွဲခန့်တွင်
မျက်နှာဖုံးစွပ်ထားသည့် အမျိုးသား ၂ ဦးက ဆိုင်ကယ်ဖြင့် ရောက်ရှိလာကာ လက်ပစ်ဗုံးဖြင့် ပစ်ခတ်တိုက်ခိုက်ခဲ့ကြောင်း သိရသည်။

လက်ပစ်ဗုံးပေါက်ကွဲမှုကြောင့် နေအိမ်ဝင်းတံခါးနှင့် တံခါးဘောင်များ ထိခိုက်ပျက်စီးခဲ့သော်လည်း အိမ်အတွင်းရှိ မိသားစုဝင်များ ထိခိုက်ဒဏ်ရာရရှိမှု မရှိခဲ့ကြောင်း သိရသည်။

ယင်းဖြစ်စဉ် မတိုင်မီ ဇူလိုင် ၄ ရက်က စိန်ဖူးရွှေဆိုင်ထံသို့ KIAလက်နက်ကိုင်အဖွဲ့တစ်ဖွဲ့က ဆက်ကြေးပေးဆောင်ရန် ခြိမ်းခြောက်စာ ပေးပို့ခဲ့နှင့်
ယခုဗုံးပစ်တိုက်ခိုက်မှုဟာ ဆက်နွယ်မှုရှိနေကြောင်း ဒေသတွင်းသတင်းရင်းအမြစ်စီက သိရသည်။

မူဆယ်မြို့သည် မြန်မာ-တရုတ်နယ်စပ် ကုန်သွယ်ရေးအတွက် အရေးပါသည့်မြို့ဖြစ်ပြီး လက်နက်ကိုင်အဖွဲ့များ လှုပ်ရှားသည့်ဒေသတစ်ခုလည်းဖြစ်ကာ လူပြန်ပေးဆွဲမှု၊ လုယက်မှု၊ ဓားပြတိုက်မှုနှင့် ခြိမ်းခြောက်တောင်းခံမှုများ မကြာခဏ ဖြစ်ပွားနေသဖြင့် ဒေသခံများအနေဖြင့် လုံခြုံရေးအခြေအနေအပေါ် စိုးရိမ်မှုများ မြင့်တက်လျက်ရှိကြောင်း သိရသည်။