
(နိုင်ငံတကာ) ဇူလိုင် ၇
အစ္စရေးအစိုးရသည် သိမ်းပိုက်ထားသော ပါလက်စတိုင်းပိုင် အနောက်ဘက်ကမ်း (West Bank) ဒေသအတွင်း တရားမဝင် အခြေချနေထိုင်မှုများကို မကြုံစဖူး အရှိန် အဟုန်မြှင့် တိုးချဲ့မည့် “အခြေချနေထိုင်မှုဆိုင်ရာ တော်လှန် ရေး”စီမံကိန်းကို စတင်လိုက်ပြီဖြစ်ကြောင်း အစ္စရေးဘဏ္ဍာ ရေးဝန်ကြီး ဘီဇာလယ် စမော့ထရစ်ခ်ျ (Bezalel Smotrich)က တရားဝင် ကြေညာလိုက်သည်။ ဤလုပ် ဆောင်ချက်သည် ပါလက်စတိုင်းနယ်မြေများအပေါ် အစ္စရေး၏ အကြွင်းမဲ့ထိန်းချုပ်မှုကို ပိုမိုခိုင်မာစေရန် ရည်ရွယ်ခြင်း ဖြစ်သည်။
လက်ယာစွန်းဝါဒီ ဝန်ကြီး စမော့ထရစ်ခ်ျ၏ လူမှုကွန် ရက် X ပေါ်ရှိ ထုတ်ပြန်ချက်သည် အနောက်ဘက်ကမ်းအလယ်ပိုင်းတွင် အခြေချစခန်းအသစ် ၁၃ ခု တည်ဆောက်ရန် အစ္စရေးအစိုးရ အဖွဲ့က အတည်ပြုပေးခဲ့ပြီးနောက် ထွက်ပေါ်လာခြင်းဖြစ်သည်။ အဆိုပါ တိုးချဲ့မှုများသည် နာဘလူးစ်၊ ရာမလ္လာဟ်နှင့် ဘက်သလီဟင် ကဲ့သို့သော အဓိက ပါလက်စတိုင်းမြို့ကြီးများကို ဆက်သွယ်ပေးထားသည့် ပင်မလမ်းမကြီးအမှတ် ၆၀ (Route 60) တစ် လျှောက်နှင့် ဂျော်ဒန်မြစ်ဝှမ်းအထိ မဟာဗျူဟာမြောက် စင်္ကြလမ်းများကို ပိတ်ဆို့ဝါးမြိုသွားမည်ဖြစ်သည်။
ပါလက်စတိုင်း တာဝန်ရှိသူများကမူ ဤကဲ့သို့ တိုးချဲ့ ခြင်းသည် အနာဂတ်ပါလက်စတိုင်းနိုင်ငံ၏ မြို့တော်အဖြစ် သတ်မှတ်ထားသည့် အရှေ့ဂျေရုဆလင်ကို ကျန်အနောက်ဘက်ကမ်းနယ်မြေများနှင့် လုံးဝအဆက်အသွယ်ပြတ်တောက်သွားစေပြီး၊ ကုလသမဂ္ဂက ကြိုးပမ်းနေသည့် နိုင်ငံနှစ်နိုင်ငံ ယှဉ်တွဲနေထိုင်ရေးလမ်းစဉ် (Two-state solution)ကို အပြီးတိုင် ပျက်ပြားစေလိမ့်မည်ဟု သတိပေးခဲ့ကြသည်။
ပါလက်စတိုင်း-အစ္စရေးလေ့လာရေးဖိုရမ် (MADAR) ၏ အဆိုအရ ဝန်ကြီးချုပ် နေတန်ယာဟု၏ လက်ယာစွန်းအစိုးရ တက်လာပြီးနောက်ပိုင်း အခြေချစခန်း တိုးချဲ့မှုမှာ အဆမတန် မြင့်တက်လာခဲ့သည်။ ၂၀၁၂ မှ ၂၀၂၂ ခုနှစ်အထိ တစ်နှစ်လျှင် အခြေချစခန်း ၈ ခုခန့်သာ တိုးချဲ့ခဲ့ရာမှ ၂၀၂၃ ခုနှစ်တွင် ၃၂ ခု၊ ၂၀၂၄ ခုနှစ်တွင် အစိုးရရန်ပုံငွေ ရှယ်ကယ် ၇၅ သန်း (ဒေါ်လာ ၂၀ သန်း) ပံ့ပိုးမှုဖြင့် ၆၂ ခုနှင့်၊ ပြီးခဲ့သည့် ၂၀၂၅ ခုနှစ်တွင်မူ တစ်နှစ်တည်း၌ပင် စံချိန်တင် အခြေချစခန်း ၈၆ ခုအထိ အရှိန် အဟုန်မြှင့် ဆောက် လုပ်ခဲ့ကြသည်။
လက်ရှိတွင် နိုင်ငံတကာဥပဒေအရ တရားမဝင်ဟု သတ်မှတ် ထားသော အဆိုပါ အနောက်ဘက်ကမ်းနှင့် အရှေ့ဂျေရုဆလင် နယ်မြေများတွင် အစ္စရေးအခြေချနေထိုင်သူ ပေါင်း ၇၅၀,၀၀၀ ခန့်အထိ ရှိလာပြီဖြစ်သည်။
မြေယာသိမ်းပိုက်မှုများနှင့်အတူ အစ္စရေးအခြေချနေထိုင်သူများ၏ ပါလက်စတိုင်း အရပ်သားများအပေါ် အကြမ်းဖက်မှုမှာလည်း ၁၃၀ ရာခိုင်နှုန်းအထိ မြင့်တက်လာကြောင်း ကုလသမ ဂ္ဂက ဆိုသည်။ ပြီးခဲ့သည့် သောကြာနေ့က အခြေချနေထိုင်သူ များသည် ကျေးရွာများ၏ ပင်မလျှပ်စစ်ဓာတ်အားလိုင်းများကို ဖျက်ဆီးခြင်း၊ စိုက်ပျိုးရေးဖန်လုံအိမ်များကို ဖျက်ဆီးခြင်းနှင့် ဘက်ဒိုအင် (Bedouin) မျိုးနွယ်စုများ မှီခိုနေရသည့် စမ်းရေ တွင်းများကို အဓမ္မသိမ်းပိုက်ခြင်းများ ပြုလုပ်ခဲ့ကြသည်။
ကိုလိုနီပြုမှုနှင့် တံတိုင်းဆန့်ကျင်ရေး ခုခံမှုကော်မရှင် (CWRC)၏ မှတ်တမ်းများအရ မေလတစ်လတည်းတွင်ပင် အစ္စ ရေးစစ်တပ်နှင့် အခြေချနေထိုင်သူများ၏ တိုက် ခိုက်မှုပေါင်း ၁,၆၅၉ ခု ရှိခဲ့ပြီး၊ ပါလက်စတိုင်း မိသားစုများ၏ အဓိက ဝင်ငွေရရှိရာ သံလွင်ပင် ၃,၃၀၀ ကျော်အပါအဝင် သစ်ပင်ပေါင်း ၇,၂၂၂ ပင်ကို မီးရှို့ဖျက်ဆီးခဲ့ကြသည်။ ထို့ပြင် အစ္စရေးအာ ဏာပိုင်များသည် မေလအတွင်း ပါလက်စတိုင်းပိုင် နေအိမ်နှင့် အဆောက်အအုံ ၁၅၅ ခုကိုလည်း ဘူဒိုဇာများဖြင့် ရက်စက်စွာ ဖြိုဖျက်ခဲ့သည်။
၂၀၂၃ ခုနှစ် အောက်တိုဘာ ၈ ရက် ဂါဇာစစ်ပွဲ စတင်ကတည်း က အနောက်ဘက်ကမ်းဒေသ၌ အစ္စရေးတပ်ဖွဲ့များနှင့် အခြေချနေထိုင်သူများ၏ ပေါင်းစပ်အကြမ်းဖက်မှုကြောင့် ပါလက်စတိုင်းပြည်သူ ၁,၁၇၅ ဦး သေဆုံးခဲ့ပြီး၊ ၁၂,၉၁၉ ဦး ဒဏ်ရာရရှိခဲ့ကာ၊ ၂၄,၀၀၀ ခန့် ဖမ်းဆီးထိန်းသိမ်းခံခဲ့ရပြီး ဖြစ်ကြောင်း သိရသည်။
Telegram»…
https://t.me/positiveanglenews
#PAN