
(နိုင်ငံတကာ) ဇူလိုင် ၇
အီရန်နှင့် အပစ်အခတ်ရပ်စဲရေးကိစ္စ အပါအဝင် လေဘာနွန်နိုင်ငံအပေါ် အစ္စရေး၏ စစ်ရေးကျူးကျော်မှုများနှင့် ပတ်သက် ၍ အမေရိကန်နှင့် အစ္စရေးခေါင်းဆောင်နှစ်ဦးအကြား သဘော ထားကွဲလွဲမှုများ ရှိနေသည်ဟူသော သတင်းများကို အစ္စရေးဝန်ကြီးချုပ် ဘင်ဂျမင် နေတန်ယာဟုက ပယ်ချလိုက်ပြီး၊ သမ္မတ ဒေါ်နယ်ထရမ့်နှင့် ၎င်း၏ ဆက်ဆံရေးမှာ “အဆင်ပြေချောမွေ့လျက်ရှိသည်” ဟု အခိုင်အမာ ပြောကြားလိုက်သည်။
အလားတူပင် ၎င်းက အရှေ့အလယ်ပိုင်းတွင် အစ္စရေး ၏ လေကြောင်းအသာစီးရမှုကို ထိန်းသိမ်းရန်အတွက် နေတိုး (NATO)မဟာမိတ် တူရကီနိုင်ငံထံ F-35 တိုက်လေ ယာဉ်များ မရောင်းချရန် အမေရိကန်အား ဖိအားပေးသွားမည်ဟု ဆိုသည်။
အမေရိကန် လက်ယာကွန်ဆာဗေးတစ် ရုပ်သံလိုင်းတစ်ခုဖြစ်သည့် Fox News နှင့် တနင်္လာနေ့က ပြုလုပ်ခဲ့သော အင်တာဗျူးတွင် ဝန်ကြီးချုပ် နေတန်ယာဟုက အမေရိကန်ပြည်ထောင်စုနှင့် သမ္မတထရမ့်တို့အပေါ် ချီးကျူးဂုဏ်ပြုစကားများစွာ ပြောကြားခဲ့သည်။ ၎င်းက “အမေရိကသာမရှိရင် ကမ္ဘာပေါ်မှာ ဘယ်ဒီမိုကရေစီနဲ့ လွတ်လပ်ခွင့်မျှ ရှိလာမှာမဟုတ်ဘူး” ဟု ဆိုကာ ၎င်းနှင့် ထရမ့်သည် “ကိစ္စရပ်တိုင်းနီးပါး” တွင် သဘောထားချင်း ထပ်တူကျပါသည်ဟု အမွှမ်းတင်ခဲ့သည်။
ဤမှတ်ချက်သည် ဒေသတွင်း အပစ်အခတ်ရပ်စဲရေးအတွက် အမေရိကန်နှင့် အီရန်တို့အကြား ချုပ်ဆိုခဲ့သည့် နားလည်မှုစာချွန်လွှာအပေါ် အစ္စရေးအစိုးရအဖွဲ့အတွင်း ဝေဖန်မှုများ ပေါ်ပေါက်နေချိန်တွင် ထွက်ပေါ်လာခြင်းဖြစ် သည်။
အစ္စရေးသည် လေဘာနွန်နိုင်ငံမှ တပ်ဖွဲ့များ ပြန်လည်ရုပ် သိမ်းရန် ငြင်းဆန်ထားပြီး၊ ပြီးခဲ့သည့် တနင်္လာနေ့ကလည်း လေဘာနွန်တောင်ပိုင်းကို ဗုံးကြဲတိုက်ခိုက်ခဲ့သဖြင့် ဆရာမတစ်ဦးအပါအဝင် အရပ်သား ၄ ဦး သေဆုံးခဲ့သည်။ နေတန်ယာဟုကမူ နှစ်နိုင်ငံအကြား သဘောထားကွဲလွဲမှု အနည်းငယ်ရှိနိုင်သော် လည်း ၎င်းတို့သည် “စံပြမဟာမိတ်များ” ဖြစ်သဖြင့် ညှိနှိုင်းဖြေရှင်းနိုင်သည်ဟု ဆိုကာ မကြာမီ အမေရိကန်သို့ သွားရောက်လည် ပတ်မည်ဖြစ်ကြောင်း အတည်ပြုခဲ့သည်။
အမေရိကန်သို့ သွားရောက်မည့် ၎င်း၏ ခရီးစဉ်ရည် ရွယ်ချက်နှင့် ပတ်သက်၍ နေတန်ယာဟုက တူရကီနိုင်ငံထံ F-35 တိုက်လေယာဉ်များနှင့် အင်ဂျင်များ လွှဲပြောင်းပေးမည့်ကိစ္စကို ပိတ်ဆို့ရန် စည်းရုံးလှုံ့ဆော်သွားမည်ဟု ပွင့်ပွင့်လင်းလင်း ပြောကြားခဲ့သည်။
၎င်းက “တူရကီကို အဲဒီလက်နက်တွေမပေးသင့်ဘူး၊ ဘာလို့လဲဆိုတော့ အရှေ့အလယ်ပိုင်းရဲ့ အင်အားချိန်ခွင်လျှာကို ပျက် ပြားစေမှာမို့လို့ပါ။ အဲဒီအင်အားချိန်ခွင်လျှာကိုတော့ အစ္စရေးရဲ့ လေ ကြောင်းအသာစီးရမှုကပဲ အာမခံထားတာဖြစ်ပါတယ်” ဟု အခိုင်အမာဆိုကာ ထရမ့်မဲဆန္ဒရှင်များကို ရည်ရွယ်၍ “အီရန်ကိစ္စမှာ တူရကီက လက်တစ်ချောင်းတောင် မလှုပ်ခဲ့ဘူး၊ ကျွန်တော်တို့ကပဲ ခင်ဗျားတို့ရဲ့ စစ်သည်တွေနဲ့အတူ ယှဉ်တွဲတိုက်ပွဲဝင်ခဲ့တာ” ဟု ပြောကြားခဲ့သည်။
နေတန်ယာဟုသည် ဆယ်စုနှစ်များစွာကတည်းက အမေရိကန်အား အီရန်ကို တိုက်ခိုက်ရန် တွန်းအားပေးခဲ့ပြီး၊ ယင်းကြောင့် ပြီးခဲ့သည့် ဖေဖော်ဝါရီ ၂၈ ရက်တွင် အမေရိကန်-အစ္စ ရေး ပူးပေါင်း၍ အီရန်အပေါ် စစ်ပွဲဆင်နွှဲမှု ဖြစ်ပွားစေခဲ့ကာ အဆိုပါစစ်ပွဲမှာ အမေရိကန်မဲဆန္ဒရှင်များအကြား လုံးဝလူကြိုက်များခြင်းမရှိပေ။ လက်ရှိတွင် အစ္စရေးနိုင်ငံရေး သမားများသည် အီရန်ပြီးလျှင် တူရကီသည် နောက်ထပ် စစ်ရေးပစ်မှတ်ဖြစ်လာသည်ဟု ရန်လိုသော အသုံးအနှုန်းများကို မြှင့်တင်လာကြသည်။
ဂါဇာအပေါ် အစ္စရေး၏ လူမျိုးတုံးသတ်ဖြတ်မှုစစ်ပွဲကို ပြင်း ပြင်းထန်ထန် ဝေဖန်နေသည့် တူရကီသမ္မတ ရီဆက်ပ် တိုင်ယစ်ပ် အာဒိုဂန်ကမူ အမေရိကန်-အီရန် အပစ်ရပ်သဘောတူညီချက်ကို အစ္စရေးအစိုးရက ဖျက်ဆီးရန် ကြိုးပမ်းနေမှုအပေါ် စနေနေ့တွင် တရားဝင်သတိပေးခဲ့သည်။ အာဒိုဂန်က “လက်ရှိ စစ်ပွဲစွဲလမ်းနေတဲ့ အစ္စရေးအစိုးရအနေနဲ့ ကျွန်တော်တို့ရဲ့ ဒေသကြီးတစ်ခုလုံးကို ယမ်းငွေ့တွေ၊ သွေးညှီနံ့တွေနဲ့ နောက်တစ်ကြိမ် ထပ်ပြီး နစ် မွန်းအောင် လုပ်ခွင့်မပြုသင့်ပါဘူး” ဟု ဆိုကာ ပြင်းထန်စွာ တုံ့ ပြန်ထားသည်။
ယခုသီတင်းပတ်နှောင်းပိုင်းတွင် နေတိုးထိပ်သီးအစည်း အဝေးအတွက် သမ္မတထရမ့် တူရကီနိုင်ငံသို့ သွားရောက်ရန် ရှိနေသဖြင့် အမေရိကန်-အစ္စရေး-တူရကီတို့အကြား နိုင်ငံရေးတင်းမာမှုများ ပိုမိုမြင့်တက်လာနိုင်သည်။
Telegram»…
https://t.me/positiveanglenews
#PAN