အမေရိကန်ကြားဝင်စေ့စပ်သည့် ‘အပစ်ရပ်သဘောတူညီချက်’ ချိုးဖောက်ခံနေရဆဲဖြစ်ပြီး ဂါဇာတွင် အစ္စရေး၏ ဒရုန်းတိုက်ခိုက်မှုများကြောင့် ဇနီးမောင်နှံနှစ်ဦးအပါအဝင် ပါလက်စတိုင်း ၆ ဦး ထပ်မံသေဆုံး

(နိုင်ငံတကာ) ဇူလိုင် ၇

  လွန်ခဲ့သော လပေါင်းများစွာကတည်းက အမေရိကန်ပြည် ထောင်စု၏ ကြားဝင်စေ့စပ်မှုဖြင့် အပစ်အခတ်ရပ်စဲရေး ကြေ ညာထားခဲ့သော်လည်း ဂါဇာကမ်းမြောင်ဒေသတွင် အစ္စရေးစစ် တပ်၏ တိုက်ခိုက်မှုများကြောင့် အရပ်သား သေဆုံး၊ ဒဏ်ရာရသူ အရေအတွက် ဆက်လက်မြင့်တက်နေသည်။

     ပြီးခဲ့သည့် တနင်္လာနေ့က ဂါဇာဒေသအနှံ့ အစ္စရေး၏ လေ ကြောင်းနှင့် ဒရုန်းတိုက်ခိုက်မှုများကြောင့် အနည်းဆုံး ပါလက်စတိုင်းပြည်သူ ၆ ဦး သေဆုံးကာ ၂၂ ဦးထက်မနည်း ပြင်းထန်စွာ ဒဏ်ရာရရှိခဲ့ကြောင်း ဒေသတွင်း ဆေးဘက်ဆိုင်ရာ သတင်းရင်းမြစ်များက အတည်ပြုပြောကြား သည်။

     သတင်းထုတ်ပြန်ချက်များအရ ဂါဇာတောင်ပိုင်း ခန်းယူနစ် (Khan Younis)မြို့ရှိ အယ်လ်ရာရှစ်(al-Rashid) လမ်းပေါ်တွင် မောင်းနှင်နေသည့် မော်တော်ယာဉ်တစ်စီးကို အစ္စရေးစစ်တပ်က ဒရုန်းဖြင့် ဗုံးကြဲတိုက်ခိုက်ခဲ့ရာ အနည်း ဆုံး လူ ၂ ဦး သေဆုံးခဲ့သည်။ ထို့အပြင် ခန်းယူနစ်မြို့အနီး နေရပ်စွန့်ခွာ တိမ်းရှောင်ရသူများ ခိုလှုံရာ အယ်လ်မာဝါစီ (al-Mawasi) ဒုက္ခသည်စခန်းရှိ တဲတစ်လုံးကိုလည်း အစ္စ ရေးက ဆက်လက်တိုက်ခိုက်ခဲ့သဖြင့် အခြားပါလက်စတိုင်း ၂ ဦး ထပ်မံသေဆုံးခဲ့ရသည်။                               

    တစ်ချိန်တည်းမှာပင် ဂါဇာစီးတီးရှိ လူနေတိုက်ခန်းတစ်ခုကို အစ္စရေးဒရုန်းဖြင့် ပစ်ခတ်ခဲ့မှုကြောင့် အပြစ်မဲ့ ဇနီး မောင်နှံနှစ်ဦး တိုက်ခန်းအတွင်း၌ပင် သေဆုံးသွားခဲ့ရကြောင်း အယ်လ်ရှီဖာ (al-Shifa)ဆေးရုံကြီးမှ သတင်းရင်း မြစ်များက ဆိုသည်။ ယင်းအပြင် ဂါဇာစီးတီး ကမ်းလွန်ပင်လယ်ပြင်တွင် အလုပ်လုပ် ကိုင်နေသည့် ပါလက်စတိုင်း ရေလုပ်သား ၃ ဦးလည်း အစ္စရေးဒရုန်း၏ ပစ်ခတ်မှုကြောင့် ဒဏ်ရာရရှိခဲ့ကြောင်း ရေလုပ်သားများကော်မတီသမဂ္ဂက သတင်းထုတ်ပြန်ထားသည်။

   အစ္စရေးနှင့် ဟားမတ်စ်အဖွဲ့တို့သည် ပြီးခဲ့သည့်နှစ် အောက်တို ဘာလတွင် အမေရိကန်က ကြားဝင်စေ့စပ်ပေးခဲ့သည့် ‘အပစ်အခတ်ရပ်စဲရေး’ ကို သဘောတူညီခဲ့ကြပြီး အကြီးစားစစ်ဆင် ရေးများ လျော့ကျသွားခဲ့သော်လည်း အရပ်သားများကို ပစ်မှတ်ထားသည့် အစ္စရေး၏ စစ်ရေးကျူးလွန်မှုများမှာမူ ရပ်တန့်သွားခြင်းမရှိပေ။            

   ဂါဇာကျန်းမာရေးဝန်ကြီးဌာန၏ တရားဝင်ထုတ်ပြန်ချက် အရ အဆိုပါ အပစ်ရပ်သဘောတူညီချက် စတင်သက် ရောက်ခဲ့သည့်နေ့မှစ၍ ယနေ့အထိ အစ္စရေးစစ်တပ်၏ အပစ်ရပ်မှုချိုးဖောက်မှုများကြောင့်ပင် ပါလက်စတိုင်းပြည်သူ အနည်းဆုံး ၁,၀၇၂ ဦး သေဆုံးခဲ့ပြီး ၃,၄၆၃ ဦး ဒဏ်ရာရရှိခဲ့ပြီးဖြစ်ကြောင်း သိရသည်။               

     ယခုနောက်ဆုံး ဖြစ်ပွားခဲ့သည့် သေဆုံးမှုများအပါအဝင် ၂၀၂၃ ခုနှစ် အောက်တိုဘာလမှ စတင်ခဲ့သော အစ္စရေး၏ ဂါဇာအပေါ် လူမျိုးတုံးသတ်ဖြတ်မှုစစ်ပွဲအတွင်း စုစုပေါင်းသေဆုံးသူဦးရေမှာ ၇၃,၀၉၈ ဦးအထိ မြင့်တက်လာခဲ့ပြီး၊ ဒဏ်ရာရရှိသူပေါင်း ၁၇၃,၅၇၁ ဦးအထိ ရှိလာပြီဖြစ် ကြောင်း ဂါဇာကျန်းမာ ရေးဝန်ကြီးဌာနက ထုတ်ပြန်ကြေညာထားသည်။

Telegram»…
https://t.me/positiveanglenews

#PAN