ရွှေကုက္ကိုလ် တရားမဝင်အဆောက်အအုံ ၆၉ လုံး ဖြိုချပြီးစီး

(မှုခင်း) ဇူလိုင် ၇

ကရင်ပြည်နယ်၊ မြဝတီမြို့နယ်၊ ရွှေကုက္ကိုလ်နယ်မြေနှင့် KK Park နယ်မြေများရှိ အွန်လိုင်းလိမ်လည်လောင်းကစားမှုများ ကျူးလွန်ရာတွင် အသုံးပြုခဲ့သည့် တရားမဝင်အဆောက်အအုံများအား ဌာနဆိုင်ရာပူးပေါင်းအဖွဲ့များက ဆက်လက်ဖျက်ဆီးခဲ့ ကြောင်းသိရသည်။

ယမန်နေ့ ဇူလိုင် ၆ ရက်က ရွှေကုက္ကိုလ်နယ်မြေအတွင်းရှိ တရားမဝင် ၉ ထပ်အဆောက်အအုံ ၁ လုံးကို စနစ်တကျ ထပ်မံဖောက်ခွဲဖြိုချဖျက်ဆီးခဲ့ကြောင်း သိရသည်။

ရွှေကုက္ကိုလ်နယ်မြေအတွင်း ဖျက်ဆီးရန်သတ်မှတ်ထားသည့် အဆောက်အအုံ ၇၇ လုံးအနက် ယာဉ်ယန္တရားများဖြင့် ဖြိုချမည့် အဆောက်အအုံ ၅၇ လုံးနှင့် ဖောက်ခွဲ၍ ဖျက်ဆီးမည့် အဆောက်အအုံ ၂၀ လုံးဟူ၍ ခွဲခြားသတ်မှတ်ထားရာ ယနေ့အထိ ဖောက်ခွဲရန် သတ်မှတ်ထားသည့် ၂၀ လုံးအနက် ၉ ထပ်အဆောက်အအုံ ၁ လုံးကို ထပ်မံဖျက်ဆီးနိုင်ခဲ့ခြင်း ကြောင်းသိရသည်။

ဌာနဆိုင်ရာပူးပေါင်းအဖွဲ့များအနေဖြင့် ယမန်‌နေ့အထိ အွန်လိုင်းလိမ်လည်လောင်းကစားလုပ်ငန်းများတွင် အသုံးပြုခဲ့သည့် တရားမဝင်အဆောက်အအုံ စုစုပေါင်း ၆၉ လုံးအား စနစ်တကျ ဖြိုချဖျက်ဆီးပြီးဖြစ်ကြောင်းနှင့် ဖျက်ဆီးရန်ကျန်ရှိသည့် တရားမဝင်အဆောက်အအုံ ၈ လုံးကိုလည်း ဆက်လက်၍ စနစ်တကျ ဖျက်ဆီးသွားမည်ဖြစ်ကြောင်း သတင်းရရှိသည်။

#PAN