နေပြည်တော်၌ အခြေခံပညာအဆင့် အာကာသဆိုင်ရာ ပန်းချီ၊ ကာတွန်းနှင့် ပိုစတာပြိုင်ပွဲ ကျင်းပမည်

(ပြည်တွင်း) အောက်တိုဘာ ၂၈

အနာဂတ် မျိုးဆက်သစ်လူငယ်များ အနုပညာမှတစ်ဆင့် သိပ္ပံဆိုင်ရာ စိတ်ကူးစိတ်သန်းများ ဖော်ထုတ်ပြသနိုင်ရန် ရည်ရွယ်၍ နေပြည်တော်ကောင်စီနှင့် မြန်မာအာကာသအေဂျင်စီတို့ ပူးပေါင်းကျင်းပမည့် “အခြေခံပညာအဆင့် အာကာသဆိုင်ရာ ပန်းချီ/ ကာတွန်း/ ပိုစတာပြိုင်ပွဲ” ကို နေပြည်တော်ရှိ မြန်မာအပြည်ပြည်ဆိုင်ရာ ကွန်ဗင်းရှင်းဗဟိုဌာန-၁ (MICC-1) ၌ နိုဝင်ဘာလ ၁၀ ရက်မှ ၁၂ ရက်အထိ ကျင်းပသွားမည်ဖြစ်ကြောင်း သိရသည်။

အဆိုပါပြိုင်ပွဲတွင် အခြေခံပညာအဆင့်အလိုက် သတ်မှတ်ထားသည့် ခေါင်းစဉ်များမှာ -မူလတန်းအဆင့်တွင် “အာကာသအိပ်မက်”ခေါင်းစဉ်ဖြင့်လည်းကောင်း အလယ်တန်းအဆင့်တွင် “လူသားနှင့်အနာဂတ်အာကာသ”ခေါင်းစဉ်ဖြင့်လည်းကောင်း အထက်တန်းအဆင့်တွင်လည်း “အသုံးချလေ့လာ အာကာသနည်းပညာ” ခေါင်းစဉ်တို့ ဖြင့် အသီးသီးယှဉ်ပြိုင်ကြရမည်ဖြစ်ကြောင်း သိရသည်။

ပြိုင်ပွဲကို အတန်းအဆင့်အလိုက် ရက်သတ်မှတ်ထားရှိရာ နိုဝင်ဘာ ၁၀ ရက်တွင် မူလတန်းအဆင့်၊ နိုဝင်ဘာ ၁၁ ရက်တွင် အလယ်တန်းအဆင့်နှင့် နိုဝင်ဘာ ၁၂ ရက်တွင် အထက်တန်းအဆင့် ကျောင်းသား၊ ကျောင်းသူများ အသီးသီး ယှဉ်ပြိုင်ကြရမည်ဖြစ်ပြီး ဆုချီးမြှင့်ပွဲကို နိုဝင်ဘာ ၁၃ ရက်တွင် ကျင်းပမည်ဖြစ်ကြောင်း သိရသည်။

ပြိုင်ပွဲတွင် အတန်းအဆင့်အလိုက် ပထမ၊ ဒုတိယ၊ တတိယဆုများနှင့် အထူးဆု ၁၀ ဆုစီတို့ကို ငွေကျပ်ငါးသိန်းမှ သိန်းဆယ်ဂဏန်းအထိ အသီးသီး ချီးမြှင့်သွားမည်ဖြစ်ပြီး ပါဝင်ယှဉ်ပြိုင်သူ အားလုံးကိုလည်း လက်မှတ်နှင့် အမှတ်တရလက်ဆောင်များ ပေးအပ်သွားမည်ဖြစ်ကြောင်း သိရသည်။

ပါဝင်ယှဉ်ပြိုင်လိုသည့် ကျောင်းသား၊ ကျောင်းသူများအနေဖြင့် မိမိတို့ သက်ဆိုင်ရာကျောင်းများမှတစ်ဆင့် နိုဝင်ဘာလ ၄ ရက် နောက်ဆုံးထား၍ နေပြည်တော် တိုင်းပညာရေးမှူးရုံးသို့ စာရင်းပေးသွင်း လျှောက်ထားနိုင်ကြောင်း သိရရသည်။