(မှုခင်း) အောက်တိုဘာ ၂၉
မန္တလေးတိုင်းဒေသကြီး၊ မိတ္ထီလာမြို့နယ်တွင် အရှိန်မထိန်းနိုင်သည့် LIGHT TRUCK ယာဉ်တစ်စီးက လမ်းဖြတ်ကူးနေသည့် အသက် ၁၀ နှစ်အရွယ် မိန်းကလေးငယ်တစ်ဦးကို ဝင်ရောက်တိုက်မိခဲ့ရာ ကလေးငယ်သေဆုံးခဲ့ကြောင်း သိရသည်။
ဖြစ်စဉ်မှာ အောက်တိုဘာ ၂၇ ရက် မွန်းလွဲ ၂ နာရီခွဲခန့်က မိတ္ထီလာမြို့နယ်၊ သဘွတ်ကုန်းကျေးရွာအနီး မိတ္ထီလာ-ကျောက်ပန်းတောင်းကားလမ်း မိုင်တိုင်အမှတ် ၂၅ မိုင် ၃ ဖာလုံနှင့် ၄ ဖာလုံကြားတွင် ဖြစ်ပွားခဲ့ခြင်းဖြစ်ပြီး ကျောက်ပန်းတောင်းမြို့မှ မိတ္ထီလာမြို့ဘက်သို့ ပဲခူးမြို့နယ်၊ လှော်ကားကျေးရွာနေ ဦးဇော်နီအောင်(၄၃)နှစ် မောင်းနှင်လာသည့် YGN-31 4K/XXXX LIGHT TRUCK မော်တော်ယာဉ်သည် အခင်းဖြစ်နေရာအရောက်တွင် အရှိန်မထိန်းနိုင်ဘဲ လမ်းဖြတ်ကူးနေသည့် တစ်ရွာတည်းနေ မအေးအေးအောင် (၁၀) နှစ်ကို ဝင်ရောက်တိုက်မိခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
ယာဉ်တိုက်မှုကြောင့် မအေးအေးအောင်တွင် ထိခိုက်ဒဏ်ရာများရရှိကာ သေဆုံးခဲ့ပြီး ယာဉ်ကို မဆင်မခြင် ပေါ့လျော့စွာ မောင်းနှင်ခဲ့သူ ဦးဇော်နီအောင်ကို ရှမ်းမငယ်နယ်မြေရဲစခန်းတွင် ယာဉ် (ပ) ၂/၂၀၂၆၊ ရာဇသတ်ကြီးပုဒ်မ ၃၀၄-က ဖြင့် အမှုဖွင့်အရေးယူထားကြောင်း သိရသည်။

Telegram – t.me/positiveanglenews
#PAN