(မှုခင်း) ဇူလိုင် ၇
ရှမ်းပြည်နယ်မြို့တော် တောင်ကြီးမြို့တွင် ယမန်နေ့ ဇူလိုင် ၆ ရက် ညနေပိုင်းက စိတ်ကြွရူးသွပ်ဆေးပြား ၂၄,၀၀၀ ကျော်အား ရောင်းဝယ်သူများနှင့်အတူ ဖမ်းဆီးရမိခဲ့ကြောင်း သတင်းရရှိသည်။
တောင်ကြီးခရိုင်ရဲတပ်ဖွဲ့မှ တပ်ဖွဲ့ဝင်များ ပါဝင်သော ပူးပေါင်းအဖွဲ့သည် ဇူလိုင် ၆ ရက် ညနေ ၃ နာရီခွဲခန့်က တောင်ကြီးမြို့၊ စိန်ပန်းရပ်ကွက်၊ နယ်မြေ (၄)၊ စံပယ်လမ်းပေါ်တွင် ပိတ်ဆို့စစ်ဆေးနေစဉ် ယင်းလမ်းအတိုင်း ဆိုင်ကယ်မောင်းနှင်လာသည့် ငြိမ်းချမ်း (ခ) ဟာစန်းအား ရပ်တန့်စစ်ဆေးရာ WY စာတမ်းပါ စိတ်ကြွမူးယစ်ဆေးဝါး ၄၀၀ ပြားကို တွေ့ရှိသိမ်းဆည်းရမိခဲ့သည်။
ဖမ်းဆီးရမိသူ ငြိမ်းချမ်း (ခ) ဟာစန်း၏ ထွက်ဆိုချက်အရ အဆိုပါမူးယစ်ဆေးဝါးများကို တောင်ကြီးမြို့၊ ကံကြီးရပ်ကွက်နေ ဦးမောင်ခွမ်းထံမှ ဝယ်ယူခဲ့ခြင်းဖြစ်ကြောင်း သိရသဖြင့် ကံကြီးရပ်ကွက်၊ ကျောက်တလုံးလမ်းပေါ်တွင် ဦးမောင်ခွမ်းအား စောင့်ဆိုင်းစစ်ဆေးခဲ့ရာ WY စာတမ်းပါ စိတ်ကြွမူးယစ်ဆေးဝါး ၄၀၀ ပြားကို ထပ်မံဖမ်းဆီးရမိခဲ့သည်။
ထို့နောက် ဦးမောင်ခွမ်း၏ နေအိမ်အား ဝင်ရောက်ရှာဖွေရာ အိပ်ခန်းအတွင်းရှိ ကုတင်ပေါ်တွင် WY စာတမ်းပါ စိတ်ကြွမူးယစ်ဆေးဝါး ၂၀၀ ပြားစီပါသော အိတ် ၂၀၊ စုစုပေါင်း ဆေးပြား ၂၄,၀၀၀ ကို ထပ်မံသိမ်းဆည်းရမိခဲ့သည်။
အဆိုပါ စိတ်ကြွရူးသွပ်ဆေးပြားများ ဖမ်းဆီးရမိမှုနှင့် ပတ်သက်၍ ငြိမ်းချမ်း (ခ) ဟာစန်းနှင့် ဦးမောင်ခွမ်းတို့ နှစ်ဦးအား မူးယစ်ဆေးဝါးနှင့် စိတ်ကိုပြောင်းလဲစေသော ဆေးဝါးများဆိုင်ရာ ဥပဒေဖြင့် အမှုဖွင့်အရေးယူ ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

#PAN