ဒိုက်ဦးမြို့နယ် အမြန်လမ်းတွင် ယာဉ်တိမ်းမှောက်မှုဖြစ်ပွားပြီး အမျိုးသားတစ်ဦး သေဆုံး

(မှုခင်း) အောက်တိုဘာ ၂၉

ပဲခူးတိုင်းဒေသကြီး၊ ဒိုက်ဦးမြို့နယ်၊ ရန်ကုန်-နေပြည်တော် အမြန်လမ်းမကြီးပေါ်တွင် မော်တော်ယာဉ်တစ်စီး အရှိန်မထိန်းနိုင်ဘဲ လမ်းလယ်ကျွန်းရှိ အကာအရံတန်းနှင့် ထန်းပင်ကို ဝင်တိုက်ကာ လမ်းဘေးသို့ ထိုးကျတိမ်းမှောက်ခဲ့သဖြင့် အမျိုးသားတစ်ဦး သေဆုံးခဲ့ကြောင်း သိရသည်။

ဖြစ်စဉ်မှာ အောက်တိုဘာ ၂၇ ရက် မွန်းလွဲ ၁ နာရီခွဲခန့်က ဒိုက်ဦးမြို့နယ်၊ ရန်ကုန်-နေပြည်တော် အမြန်လမ်းမကြီး မိုင်တိုင်အမှတ် ၅၄ မိုင် ၆ ဖာလုံနှင့် ၇ ဖာလုံကြားတွင် ဖြစ်ပွားခဲ့ခြင်းဖြစ်ပြီး ရန်ကုန်မြို့မှ နေပြည်တော်ဘက်သို့ မောင်းနှင်လာသည့် အသက် ၄၇ နှစ်အရွယ် ဦးအောင်ကျော်ထူး၏ YGN-42 9C/XXXX Toyota Surf မော်တော်ယာဉ်သည် အခင်းဖြစ်နေရာအရောက်၌ အရှိန်မထိန်းနိုင်ဘဲ လမ်းလယ်ကျွန်းရှိ အကာအရံတန်းနှင့် ထန်းပင်ကို ဝင်တိုက်ပြီးနောက် လမ်းဘေးသို့ ထိုးကျရပ်တန့်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

ယာဉ်တိမ်းမှောက်မှုကြောင့် ယာဉ်မောင်း ဦးအောင်ကျော်ထူးတွင် ထိခိုက်ဒဏ်ရာများရရှိကာ သေဆုံးခဲ့သဖြင့် ဘောနီအမြန်လမ်းမကြီးရဲစခန်းက ယာဉ်မဆင်မခြင် ပေါ့လျော့စွာမောင်းနှင်မှုဖြင့် ယာဉ်(ပ)၄/၂၀၂၆၊ ရာဇသတ်ကြီးပုဒ်မ ၃၀၄-က အရ အမှုဖွင့်အရေးယူထားကြောင်း သိရသည်။

Telegram – t.me/positiveanglenews

#PAN