အာဆီယံအထူးကိုယ်စားလှယ် မြန်မာနိုင်ငံသို့ ရောက်ရှိ၊ တောင်ကြီးတွင် လူသားချင်းစာနာမှုအကူအညီပေးအပ်မှုများ လေ့လာ

(ပြည်တွင်း) အောက်တိုဘာ ၂၉

၂၀၂၆ ခုနှစ် အာဆီယံဥက္ကဋ္ဌ၏ မြန်မာနိုင်ငံဆိုင်ရာ အထူးကိုယ်စားလှယ် ဖိလစ်ပိုင်နိုင်ငံခြားရေးဝန်ကြီး မစ္စ မာရီယာ ထရက်ဆာ ပရဲညို လာဇာရို ဦးဆောင်သည့် ကိုယ်စားလှယ်အဖွဲ့သည် အောက်တိုဘာ ၂၈ ရက်မှ ၃၀ ရက်အထိ မြန်မာနိုင်ငံသို့ လူသားချင်းစာနာမှုခရီးစဉ် လာရောက်လျက်ရှိကြောင်း သိရသည်။

အထူးကိုယ်စားလှယ်နှင့်အဖွဲ့သည် အောက်တိုဘာ ၂၈ ရက် နံနက်ပိုင်းတွင် ရန်ကုန်မြို့သို့ ရောက်ရှိခဲ့ရာ နိုင်ငံခြားရေးဝန်ကြီးဌာန မဟာဗျူဟာလေ့လာရေးနှင့် လေ့ကျင့်ရေးဦးစီးဌာန ညွှန်ကြားရေးမှူးချုပ်နှင့် တာဝန်ရှိသူများက ရန်ကုန်အပြည်ပြည်ဆိုင်ရာလေဆိပ်၌ ကြိုဆိုခဲ့ကြသည်။

ထို့နောက် အထူးကိုယ်စားလှယ်နှင့်အဖွဲ့သည် အာဆီယံလူသားချင်းစာနာမှုအကူအညီပေးရေးညှိနှိုင်းရေးဌာန (AHA Centre) မှ ကိုယ်စားလှယ်များ၊ ရန်ကုန်မြို့ရှိ အာဆီယံသံရုံးများမှ သံတမန်များပါဝင်သည့် အာဆီယံလေ့လာစောင့်ကြည့်ရေးအဖွဲ့ (ASEAN Monitoring Team – AMT) နှင့်အတူ ရှမ်းပြည်နယ်တောင်ပိုင်း၊ တောင်ကြီးမြို့သို့ သွားရောက်ခဲ့သည်။

တောင်ကြီးမြို့၊ ဘုရားဖြူရပ်ကွက်ရှိ စိန့်ဖော်စတီနာနိုဗီရှိတ် ဘုရားကျောင်းနှင့် တောင်ကြီးမြို့နယ်၊ ညိုမီးဘုရားကုန်းကျေးရွာတို့တွင် AHA Centre က မြန်မာနိုင်ငံကြက်ခြေနီအသင်း၏ အကူအညီဖြင့် ထောက်ပံ့ပေးအပ်နေသည့် လူသားချင်းစာနာမှုအကူအညီများကို လေ့လာကြည့်ရှုခဲ့ကြသည်။

အဆိုပါအကူအညီများတွင် ဆန်၊ မိသားစုသုံးပစ္စည်းများနှင့် တစ်ကိုယ်ရည်သုံးပစ္စည်းများ ပါဝင်ပြီး အကူအညီလိုအပ်နေသူများထံ ထောက်ပံ့ပေးအပ်နေမှုကို လေ့လာခဲ့ကြောင်း သိရသည်။

ညနေပိုင်းတွင် အထူးကိုယ်စားလှယ်နှင့်အဖွဲ့သည် တောင်ကြီးမြို့မှ ပြန်လည်ထွက်ခွာခဲ့ပြီး ညပိုင်းတွင် နေပြည်တော်သို့ ရောက်ရှိခဲ့သည်။

နေပြည်တော်လေဆိပ်၌ နိုင်ငံခြားရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးနိုင်မင်းကျော်နှင့် တာဝန်ရှိသူများက ကြိုဆိုခဲ့ကြောင်း သိရသည်။

Telegram – t.me/positiveanglenews

#PAN