ဟော်မုဇ်ရေလက်ကြားတွင် ကုန်တင်သင်္ဘော တိုက်ခိုက်ခံရမှုကြောင့် အမေရိကန်က အီရန်ကို ပြန်လည်ဗုံးကြဲ၊ ထိလွယ်ရှလွယ်ဖြစ်နေသော အပစ်အခတ်ရပ်စဲရေး MoU ပျက်ပြယ်လုနီးပါးဖြစ် ဟုဆို

(နိုင်ငံတကာ) ဇွန် ၂၇      

   ဟော်မုဇ်ရေလက်ကြား (Strait of Hormuz) အတွင်း ကုန်တင်သင်္ဘောတစ်စင်း ဒရုန်းဖြင့် တိုက်ခိုက်ခံရမှုကို တုံ့ပြန်သည့်အနေဖြင့် အမေရိကန်စစ်ဘက်က အီရန်နိုင်ငံအတွင်းရှိ ဒုံးကျည်နှင့် ဒရုန်းသိုလှောင်ရုံများ၊ ကမ်းရိုးတန်းရေဒါစခန်းများကို လေ ကြောင်းမှ ပြန်လည်ဗုံးကြဲတိုက်ခိုက်ခဲ့ရာ အီရန်ဘက်ကလည်း ဒေသတွင်းရှိ အမေရိကန်စစ်အခြေစိုက်စခန်းများကို ဒုံးကျည်များဖြင့် ပြန်လည်ပစ်ခတ်ခဲ့ကြောင်း သိရသည်။                      

     ပြီးခဲ့သည့် ကြာသပတေးနေ့က အိုမန်ကမ်းလွန် ရေလမ်းကြောင်း၌ ထိုင်ဝမ်အခြေစိုက် Evergreen Marine ကုမ္ပဏီပိုင်၊ စင်ကာပူအလံလွှင့်ထူးထားသည့် ‘Ever Lovely’ ကုန်တင်သင်္ဘောသည် အသေခံဒရုန်းဖြင့် တိုက်ခိုက်ခံခဲ့ရသည်။

     အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်က ၎င်း၏ Truth Social လူမှုကွန်ရက်တွင် ယခုလုပ်ရပ်သည် ဇွန် ၁၇ ရက်က နှစ်ဖက်လက်မှတ်ရေးထိုးထားသည့် အပစ်အခတ်ရပ်စဲရေး သဘောတူညီချက် (MoU) ကို အီရန်၏ “မိုက်မဲစွာ ချိုးဖောက်ခြင်း” ဖြစ် ကြောင်း ပြစ်တင်ရှုတ်ချခဲ့ပြီး အမေရိကန်တပ်ဖွဲ့များက ဒရုန်းသုံးစင်းကို ကြားဖြတ်ပစ်ချနိုင်ခဲ့သော်လည်း တစ်စင်းမှာ သင်္ဘောအပေါ်ကုန်းပတ်လမ်းကို ထိမှန်ခဲ့ကြောင်း ပြောကြားခဲ့သည်။         

​    အမေရိကန်ဗဟိုစစ်ဌာနချုပ်(CENTCOM)က သောကြာနေ့တွင် အီရန်တောင်ပိုင်း ဆီရစ်ခ် (Sirik) ဆိပ်ကမ်းအနီးရှိ စစ်ဘက်ပစ်မှတ်များကို ဗုံးကြဲခဲ့ကြောင်း အတည်ပြုခဲ့ပြီး၊ အီရန်၏ လုပ်ရပ်သည် ရေကြောင်းလွတ်လပ်ခွင့်ကို ထိပါးနှောင့်ယှက်ခြင်းဖြစ်ကြောင်း ဆိုသည်။              

     အပြန်အလှန်အားဖြင့် အီရန်အစ္စလာမ္မစ်တော်လှန်ရေးအစောင့်တပ်ဖွဲ့ (IRGC)ကလည်း အမေရိကန်စခန်းများကို ပြန် လည်တိုက်ခိုက်ခဲ့ပြီး ထပ်မံကျူးကျော်ပါက ပိုမိုကျယ် ပြန့်စွာ တုံ့ပြန်မည်ဟု အစိုးရသတင်းဌာန IRNA မှတစ်ဆင့် သတိပေးခဲ့သည်။ ထို့ပြင် IRGC ပြောရေးဆိုခွင့်ရှိသူက ဟော်မုဇ်ရေလက် ကြားသည် အီရန်ပိုင်နက်ဖြစ်ပြီး အမေရိကန်နှင့် တိုက်ရိုက်ဆက်သွယ်ရေးလိုင်း ရှိသည်ဆိုခြင်းမှာ လိမ်ညာချက်သာဖြစ်ကြောင်း ငြင်းဆိုခဲ့သည်။          

     ယခု စစ်ရေးတင်းမာမှုကြောင့် ဝါရှင်တန်နှင့် တီဟီရန်တို့အကြား ရေတပ်ပိတ်ဆို့မှုများ ရုပ်သိမ်းရန်နှင့် နျူကလီးယားအစီအစဉ်အတွက် ဆွေးနွေးရန် သဘောတူထားသည့် ရက်ပေါင်း ၆၀ ကြာ ယာယီငြိမ်းချမ်းရေး MoU စာချုပ်မှာ ပျက်ပြယ်လုနီးပါး ဖြစ်လာခဲ့သည်။                  

   အမေရိကန် ဒုတိယသမ္မတ ဂျေဒီဗန့်စ်ကလည်း “အကြမ်း ဖက်မှုကို အကြမ်းဖက်မှုနဲ့ပဲ တုံ့ပြန်မယ်” ဟု သတိပေးခဲ့ပြီး၊ သံတမန်ဟောင်းများနှင့် ကျွမ်းကျင်သူများကမူ အဆိုပါ MoU စာချုပ်မှာ စာ မျက်နှာ တစ်မျက်နှာခွဲသာရှိပြီး ရေလက်ကြားဖြတ်သန်းခွင့် စည်းကမ်းချက်များ၌ မရေရာမှုများလွန်းခြင်းကြောင့် ပဋိပက္ခ တစ်ကျော့ပြန်ဖြစ်ပွားရခြင်းဖြစ်ကြောင်း သုံးသပ်ထားကြသည်။

     ယခုတိုက်ခိုက်မှုကြောင့် အပြည်ပြည်ဆိုင်ရာ ရေကြောင်းအဖွဲ့ချုပ် (IMO) ၏ ပင်လယ်ကွေ့အတွင်း ပိတ်မိနေသော သင်္ဘောများနှင့် ရေလုပ်သား ၁၁,၀၀၀ ကျော်ကို ပြန်လည်ခေါ်ထုတ်ရန် ကြိုးပမ်းမှုများလည်း ချက်ချင်းရပ်တန့်သွားခဲ့ရသည်။

Telegram»…
https://t.me/positiveanglenews

#PAN