
(ပြည်တွင်း) ဇွန် ၂၅
ရန်ကုန်မြို့ ကမာရွတ်မြို့နယ်ရှိ ဆကူရာ ရီစီဒန့်စ် ဟိုတယ် (Sakura Residence Hotel)တွင် အမေရိကန်သံတမန်တစ်ဦး ဖြစ်သူ ဒန်နီရယ် ရီဗာ (Daniel Riva) အား ဓားဖြင့် ထိုးသတ်ခဲ့မှုဖြင့် ဖမ်းဆီးခြင်းခံထားရသည့် ၎င်း၏ ဇနီးဟောင်းဖြစ်သူ ထိုင်းနိုင်ငံသူ မုန့်ဖုတ်ဆရာမ မပါဗီနီ ဆူပါစီရီဗီဆန်(Pavinee Supasirivisan)အား မြန်မာနိုင်ငံ ၏ တည်ဆဲလူဝင်မှုကြီးကြပ် ရေး ဥပဒေချိုးဖောက်မှုဖြင့် ကမာရွတ်မြို့နယ်တရားရုံးတွင် ရုံးထုတ်တရားစွဲဆိုလိုက်ပြီ ဖြစ်ကြောင်း အမှုနှင့် နီးစပ်သည့် အသိုင်းအဝိုင်းထံမှ စုံစမ်းသိရှိရသည်။
အမေရိကန်သံတမန် ဒန်နီရယ် ရီဗာသည် ပြီးခဲ့သည့် မေလ ၁၁ ရက်နေ့က ဆကူရာ ရီစီဒန့်စ် ဟိုတယ်ခန်းအတွင်း ဦး ခေါင်းနှင့် လည်ပင်းတို့တွင် ဓားဒဏ်ရာများစွာဖြင့် သေဆုံးလျက် တွေ့ရှိခဲ့ရခြင်း ဖြစ်သည်။
အခင်းဖြစ်ပွားပြီးနောက် မြန်မာနိုင်ငံရဲတပ်ဖွဲ့က ဖမ်းဆီးခဲ့သည့် ၎င်း၏ ဇနီးဟောင်း မပါဗီနီအား ဇွန်လ ၂၃ ရက် (အင်္ဂါနေ့) က ကမာရွတ်မြို့နယ်တရားရုံးတွင် ဒုတိယအကြိမ်မြောက် ရုံးချိန်းအဖြစ် စစ်ဆေးခဲ့ခြင်းဖြစ်ပြီး နိုင်ငံအတွင်း ပြစ် မှုကျူးလွန်သော နိုင်ငံခြားသားများကို အရေးယူသည့် မြန်မာ့ လဝကဥပဒေအရ စတင်အမှုဖွင့်ခဲ့ခြင်း ဖြစ်သည်။


အဆိုပါ ရုံးချိန်းတွင် တရားလိုပြသက်သေ သုံးဦးကို စစ်ဆေးမေးမြန်းခဲ့ကြောင်း ကမာရွတ်မြို့နယ် လူဝင်မှုကြီး ကြပ်ရေးနှင့် ပြည်သူ့အင်အားဦးစီးဌာန အရာရှိတစ်ဦးက အတည်ပြုပြောကြားခဲ့သည်။ တရားရုံးမြေပြင်အခြေအနေအရ စွပ်စွဲခံရသူ ထိုင်းအမျိုးသမီးအတွက် ရှေ့နေနှစ်ဦး လိုက်ပါဆောင်ရွက်ပေးနေသော်လည်း ၎င်းအနေဖြင့် ပြစ်မှုကျူးလွန်ကြောင်း ဝန်ခံထွက်ဆိုခြင်း ရှိ၊ မရှိကိုမူ ရှင်းရှင်း လင်းလင်း မသိရသေးပေ။
လတ်တလောတွင် သူမအနေဖြင့် ထောင်ဒဏ် ၆ လမှ ၅ နှစ်အထိ ကျခံရနိုင်သည့် လဝကဥပဒေစွဲချက်ကို အရင်ဆုံး ရင်ဆိုင်နေရခြင်းဖြစ်ပြီး၊ ၎င်းစစ်ဆေးမှုအပြီးတွင် ထောင်ဒဏ် ၁၀ နှစ်မှသည် သေဒဏ်အထိ ပြစ်ဒဏ်ချမှတ်နိုင်သော ရာဇသတ်ကြီးဥပဒေပုဒ်မ ၃၀၂ (လူသတ်မှု) စွဲချက်ဖြင့် ဆက်လက်တရားစွဲဆိုမှုများ ရင်ဆိုင်ရမည်ဖြစ်သည်။
ယခုကဲ့သို့ မြန်မာနိုင်ငံမြေပေါ်တွင် အမေရိကန်သံတမန်တစ်ဦး အသတ်ခံရသည့် ထူးခြားဆန်းပြားသော မှုခင်းဖြစ်စဉ်နှင့် ပတ်သက်၍ ထိုင်းနိုင်ငံခြားရေးဝန်ကြီးဌာနက သံသယရှိသူ ပါဗီနီထံ ကောင်စစ်ဝန်ရုံးဆိုင်ရာ ဥပဒေအကူ အညီများ ပေးအပ်နေပြီဖြစ်ကြောင်း ထုတ်ဖော်ပြောကြားထားသော်လည်း အသေး စိတ်ကိုမူ လျှို့ဝှက်ထားဆဲဖြစ် ကြောင်း သိရသည်။
Telegram»…
https://t.me/positiveanglenews
#PAN