
(ပြည်တွင်း) ဇွန် ၂၅
မြန်မာနိုင်ငံတွင် ဖွဲ့စည်းလိုက်သည့် အစိုးရသစ်သည် ယခင်အုပ်ချုပ်ရေးအဖွဲ့နှင့် နှိုင်းယှဉ်ပါက နိုင်ငံတကာ၏ အကြံပြုချက်များနှင့် တင်ပြချက်များကို “ပိုမိုပွင့်လင်းစွာ လက်ခံမည့်” ပုံစံမျိုး ပြသလာကြောင်း မလေးရှားနိုင်ငံခြား ရေးဝန်ကြီး မိုဟာမက် ဟာဆန် (Mohamad Hasan) က ဇွန်လ ၂၅ ရက် (ကြာသပတေးနေ့) တွင် မလေးရှားအောက်လွှတ်တော်သို့ တရားဝင် ထုတ်ဖော်ပြောကြားလိုက်သည်။
အရှေ့တောင်အာရှနိုင်ငံများအဖွဲ့ (ASEAN) အနေဖြင့် မြန်မာ့အရေးကို ဖြေရှင်းရန်အတွက် တပ်မတော်ကျော ထောက်နောက်ခံပြု အုပ်ချုပ်ရေးအဖွဲ့နှင့် ဆက်သွယ်ဆောင်ရွက်ရန် နည်းလမ်းများကို ဆက်လက်ရှာဖွေနေချိန်တွင် ယခုကဲ့သို့ မှတ်ချက်စကား ထွက်ပေါ်လာခြင်းဖြစ်သည်။
မြန်မာနိုင်ငံတွင် ပြီးခဲ့သည့် ရွေးကောက်ပွဲ၌ ပြည်ထောင် စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ(USDP)က အပြတ်အသတ် အနိုင်ရရှိခဲ့ပြီးနောက်၊ ပြည်ထောင်စုလွှတ်တော်က ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်အား ဧပြီလ ၁၀ ရက်နေ့တွင် သမ္မတအဖြစ် ကျမ်းသစ္စာကျိန်ဆိုပေးခဲ့ပြီး အစိုးရအဖွဲ့အသစ်ကို ပြန်လည်ဖွဲ့စည်းခဲ့သည်။
မလေးရှားနိုင်ငံခြားရေးဝန်ကြီး မိုဟာမက် ဟာဆန်က ၎င်းအနေဖြင့် ပြီးခဲ့သည့် မေလအတွင်းက နေပြည်တော်သို့ သွားရောက်ကာ မြန်မာနိုင်ငံခြားရေးဝန်ကြီး ဦးတင်မောင်ဆွေနှင့် လူကိုယ်တိုင် တွေ့ဆုံဆွေးနွေးခဲ့ကြောင်း လွှတ်တော်သို့ တင်ပြခဲ့သည်။
အဆိုပါ တွေ့ဆုံမှုတွင် ၂၀၂၁ ခုနှစ် ဖြစ်စဉ်များနောက်ပိုင်း အာဆီယံနှင့် သဘောတူညီခဲ့သည့် ငြိမ်းချမ်းရေးအစီ အစဉ်ဖြစ်သော “ဘုံသဘောတူညီချက် ၅ ချက် (5-Point Consensus)” ကို အကောင်အထည်ဖော်ဆောင်ရွက်မှုဆိုင် ရာ တိုးတက်မှုများကို အဓိကထား ဆွေးနွေးခဲ့ကြသည်။
ဝန်ကြီးက ဆက်လက်တင်ပြရာတွင် ၎င်းဆွေးနွေးပွဲအတွင်း နိုင်ငံရေးအကျဉ်းသားများ လွှတ်ပေးရေးကိစ္စရပ်နှင့် မလေးရှားနိုင်ငံသို့ ရောက်ရှိနေသည့် မြန်မာနိုင်ငံမှ ရိုဟင်ဂျာဒုက္ခသည် အရေအတွက်အများအပြားရှိနေသည့် ပြဿနာကို ဖြေရှင်းဆောင်ရွက်ရေးကဲ့သို့သော အလွန်အရေးကြီးသည့် ကိစ္စရပ်များကို အလေးအနက်ထား တိုက် တွန်းခဲ့ကြောင်း ဆိုသည်။
“မလေးရှားနိုင်ငံအနေနဲ့ ပြီးခဲ့တဲ့နှစ်က အာဆီယံအလှည့်ကျဥက္ကဋ္ဌအဖြစ် တာဝန်ယူစဉ်တုန်းက ချဉ်းကပ်ဆောင်ရွက်ခဲ့တာတွေနဲ့ နှိုင်းယှဉ်ရင်၊ အခုတစ်ကြိမ်မှာတော့ မြန်မာဘက်က တင်ပြလာတဲ့ အဆိုပြုချက်တွေကို ပိုပြီးပွင့်ပွင့်လင်းလင်း လက်ခံတာကို ထင်ထင်ရှားရှား တွေ့ရပါတယ်” ဟု ဝန်ကြီး ဟာဆန်က ပြောကြားခဲ့သည်။
လက်ရှိတွင် အာဆီယံခေါင်းဆောင်များက အာဆီယံနိုင်ငံ ခြားရေးဝန်ကြီးများအား ယင်းငြိမ်းချမ်းရေးအစီအစဉ် အလုပ် ဖြစ်စေရန်အတွက် မြန်မာနိုင်ငံနှင့် အတူတကွ ပူးပေါင်းဆောင် ရွက်မည့် နည်းလမ်းသစ်များကို ရှာဖွေရန်နှင့် လိုအပ်ပါက သဘောတူညီချက်ပါ စည်းကမ်းချက်များကို ပြင်ဆင်မွမ်းမံမှုများ ပြုလုပ်သွားရန်ပါ ညွှန်ကြားထားကြောင်း၊ သို့သော် မည်သည့်အပြောင်းအလဲကိုမဆို မလုပ် ဆောင်မီ အာဆီယံခေါင်း ဆောင်အားလုံး၏ အတည်ပြုချက်ကို အရင်ရယူရမည် ဖြစ် ကြောင်း ၎င်းက ဖြည့်စွက်ပြောကြားခဲ့သည်။
Telegram»…
https://t.me/positiveanglenews
#PAN