ပါလက်စတိုင်းနိုင်ငံသားများအပေါ် အကြမ်းဖက်မှုကြောင့် အနောက်ဘက်ကမ်းရှိ အစ္စရေးအခြေချကွန်ရက်များကို နိုင်ငံတကာက ပိတ်ဆို့အရေးယူမှုများ တိုးမြှင့်ချမှတ်

(နိုင်ငံတကာ) ဇွန် ၁၀

     အစ္စရေးက သိမ်းပိုက်ထားသည့် အနောက်ဘက်ကမ်း (West Bank) ရှိ ပါလက်စတိုင်းလူမျိုးများအပေါ် အခြေချနေထိုင်သူ ဂျူးလူမျိုးများ၏ အကြမ်းဖက်မှုများ မြင့်တက်လာခြင်းနှင့် တရားမဝင် နယ်မြေချဲ့ထွင်လာခြင်းတို့ကို တုံ့ ပြန်သည့်အနေဖြင့် ယူနိုက်တက်ကင်းဒမ်း (ဗြိတိန်)၊ အော်စတြေးလျ၊ ကနေဒါ၊ ပြင်သစ်၊ နယူးဇီလန်နှင့် နော်ဝေနိုင်ငံတို့က ပူးပေါင်း၍ အရေးကြီးသော ပိတ်ဆို့အရေးယူမှုအသစ်များကို ပူးပေါင်းချမှတ်လိုက်သည်။

     ယခုပိတ်ဆို့အရေးယူမှုသည် အနောက်ဘက်ကမ်းရှိ ပါလက်စတိုင်းလူထုအပေါ် အကြမ်းဖက်မှုများကို ဘဏ္ဍာငွေထောက်ပံ့ခြင်း၊ အားပေးကူညီခြင်းနှင့် ကိုယ်တိုင်လုပ် ဆောင်ခြင်းတို့တွင် ပါဝင်ပတ်သက်နေသည့် ကွန်ရက်များကို ပစ်မှတ်ထားခြင်းဖြစ်သည်။ ပြင်သစ်နိုင်ငံခြားရေးဝန်ကြီး ဂျွန်-နိုရယ် ဘာရိုး (Jean-Noel Barrot) က အစ္စရေး ဘဏ္ဍာရေးဝန်ကြီး ဘီဇာရယ် စမော့ထရစ်ချ် (Bezalel Smotrich) အပါအဝင် အခြေချနေထိုင်သူအုပ်စုများ၏ ခေါင်းဆောင်များနှင့် လူပုဂ္ဂိုလ်များကို ပြင်သစ်နိုင်ငံအတွင်း ဝင်ရောက်ခွင့် ပိတ်ပင်ထားကြောင်း ပြောကြားခဲ့သလို၊ အခြေအနေများ တိုးတက်လာခြင်းမရှိပါက နောက် ထပ်ပြင်းထန်သည့် အရေးယူမှုများ လုပ်ဆောင်ရန် ပြင်ဆင်ထားကြောင်း အနောက်နိုင်ငံ ခြောက်နိုင်ငံက သတိပေးထား သည်။

     ဗြိတိန်နိုင်ငံခြားရေးဝန်ကြီး အီဗက် ကူးပါး (Yvette Cooper) ကလည်း ဗြိတိန်နိုင်ငံသားများနှင့် စီးပွားရေးလုပ်ငန်းများအနေဖြင့် နိုင်ငံတကာဥပဒေအရ တရားမဝင်ဟု သတ်မှတ်ထားသည့် အစ္စရေးအခြေချနေထိုင်ရာ နယ် မြေများတွင် ဘဏ္ဍာရေးနှင့် စီးပွားရေးဆိုင်ရာ လုပ်ငန်းဆောင်ရွက်မှုများ လုံးဝမပြုလုပ်ရန် တရားဝင် လမ်းညွှန်ချက်ထုတ်ပြန် တိုက်တွန်းခဲ့သည်။

     လေဘာပါတီ ဝန်ကြီးချုပ် ကီယာ စတာမာ (Keir Starmer) ဦးဆောင်သည့် ဗြိတိန်အစိုးရသည် အစ္စရေးနှင့် လွတ်လပ်သော ကုန်သွယ်မှုဆွေးနွေးပွဲများကို ဆိုင်းငံ့ထားပြီး လက်နက်တင်ပို့ခွင့်လိုင်စင်အချို့ကိုလည်း ရပ်ဆိုင်းထားသည်။

     သို့သော်လည်း ယခုလုပ်ရပ်အပေါ် နိုင်ငံတကာ လွတ်ငြိမ်း ချမ်းသာခွင့်အဖွဲ့ (Amnesty International) နှင့် Christian Aid ကဲ့သို့သော ဗြိတိန်ပရဟိတအဖွဲ့များက အားမလိုအားမရ ဖြစ်နေကြသည်။ ၎င်းတို့က အခြေချနေထိုင်သူများ၏ အကြမ်း ဖက်မှုနှင့် နယ်မြေချဲ့ထွင်မှုများသည် အစ္စရေးအစိုးရအဆင့်မြင့်ပိုင်းက တိုက်ရိုက်ညွှန်ကြားပြီး ဘဏ္ဍာငွေထောက်ပံ့နေသည့် “နိုင်ငံတော်မူဝါဒ” သာဖြစ် ကြောင်း ထောက်ပြကြပြီး၊ အစ္စရေးဝန်ကြီးချုပ် ဘင်ဂျမင် နေတန်ယာဟု အပါအဝင် နောက်ကွယ်က ကြိုးကိုင်သူများကိုပါ ထိရောက်စွာ ပိတ်ဆို့အရေးယူရန်နှင့် အခြေချနယ်မြေများနှင့် ကုန်သွယ်မှုအားလုံးကို လုံးဝပိတ်ပင်ရန် တောင်းဆိုထားကြသည်။

     အစ္စရေးနိုင်ငံခြားရေးဝန်ကြီးဌာနကမူ ၎င်းတို့၏ ဝန်ကြီးနှင့် နိုင်ငံသားများအပေါ် ချမှတ်သည့် အနောက်နိုင်ငံများ၏ အရေး ယူမှုကို “အရှက်ရဖွယ်လုပ်ရပ်” အဖြစ် ပြတ်ပြတ်သားသား ငြင်း ပယ် ရှုတ်ချခဲ့သည်။

     ပါလက်စတိုင်းလူမျိုးများအပေါ် တိုက်ခိုက်မှုများတွင် အစ္စ ရေးတပ်ဖွဲ့များက အခြေချနေထိုင်သူများကို အကာ အကွယ်ပေးနေသည်ဟူသော စွန့်စွဲချက်များကို အစ္စရေးဘက်က ငြင်းဆိုထားသော်လည်း၊ ကုလသမဂ္ဂ၏ စုံစမ်းစစ်ဆေးမှုတစ်ခုတွင်မူ အစ္စ ရေးအာဏာပိုင်များသည် ထိုတိုက်ခိုက်မှုများတွင် တိုက်ရိုက်ပါဝင်ပတ်သက်နေပြီး စစ်တပ်က အကာအကွယ်ပေးခဲ့ကြောင်း တွေ့ရှိထားသည်။

Telegram»…
https://t.me/positiveanglenews

#PAN