အပက်ချီရဟတ်ယာဉ် ပစ်ချခံရမှုကြောင့် ထရမ့် အမိန့်ပေးပြီးနောက် အမေရိကန်က အီရန်ကို လက်တုံ့ပြန်တိုက်ခိုက်၊ ဧပြီလ အပစ်ရပ်သဘောတူညီချက် ပြိုလဲလုနီးပါးဖြစ်ရ

(နိုင်ငံတကာ) ဇွန် ၁၀

     ဟော်မုဇ်ရေလက်ကြား (Strait of Hormuz) အထက်တွင် အမေရိကန်စစ်ဘက်သုံး အဆင့်မြင့် အပက်ချီ (Apache) ရဟတ်ယာဉ်တစ်စင်း ပစ်ချခံရမှုကို တုံ့ပြန်သည့်အနေဖြင့် သမ္မတ ဒေါ်နယ်ထရမ့်က ခွင့်ပြုမိန့်ပေးခဲ့ပြီးနောက်၊ အမေရိကန်ဗဟိုစစ်ဌာနချုပ် (CENTCOM) က အီရန်အပေါ် လေကြောင်းတိုက်ခိုက်မှုများ ပြန်လည်စတင်ခဲ့သည်။

     ယခုဖြစ်စဉ်ကြောင့် ပြီးခဲ့သည့် ဧပြီလ ၈ ရက်နေ့က ရရှိထားသည့် အမေရိကန်-အစ္စရေးနှင့် အီရန်အကြား စစ်ပွဲဆိုင်းငံ့ထားရေး အပစ်အခတ်ရပ်စဲရေး သဘောတူညီချက်မှာ ပြိုလဲပျက်ပြားသွားမည့် အန္တရာယ်နှင့် ရင်ဆိုင်နေရပြီ ဖြစ်သည်။

     သမ္မတ ဒေါ်နယ်ထရမ့်က ၎င်း၏လူမှုကွန်ရက်မှတစ်ဆင့် “မနေ့ညက ဟော်မုဇ်ရေလက်ကြားအထက်မှာ ကင်းလှည့်နေတဲ့ ကျွန်တော်တို့ရဲ့ အလွန်အဆင့်မြင့်တဲ့ အပက်ချီ ရဟတ်ယာဉ်တစ်စင်းကို အီရန်က ပစ်ချခဲ့ပါတယ်။ လေ ယာဉ်မှူးနှစ်ဦးစလုံး ဘေးကင်းပေမယ့် အမေရိကန်အနေနဲ့ ဒီတိုက်ခိုက်မှုကို မဖြစ်မနေ တုံ့ပြန်ရမှာပါ” ဟု အင်္ဂါနေ့တွင် ရေးသားထုတ်ပြန်ခဲ့သည်။

     ထရမ့်၏ ထုတ်ပြန်ချက်အပြီး နာရီပိုင်းအတွင်းမှာပင် အမေရိကန် ဗဟိုစစ်ဌာနချုပ် (CENTCOM) က အီရန်အပေါ် “ခုခံကာကွယ်သည့် တိုက်ခိုက်မှုများ” ကို ပြန်လည်စတင်ခဲ့သည်။ ဂရင်း နစ်စံတော်ချိန် ၂၁:၀၀ ဝန်းကျင်တွင် အီရန်တောင်ပိုင်း ဆိပ်ကမ်း မြို့ဖြစ်သော ဆီရစ် (Sirik) နှင့် ဟော်မုဇ်ရေလက်ကြားတစ်ဝိုက်ရှိ အီရန်စစ်ဘက်ဆိုင်ရာ နေရာများကို အမေရိကန်က ဗုံးကြဲတိုက် ခိုက်ခဲ့ရာ ပြင်းထန်သော ပေါက်ကွဲမှုများ ဖြစ်ပွားခဲ့သည်။ CENTCOM က ယခုမစ်ရှင်သည် အကြောင်းမဲ့ အီရန်၏ ရန်လိုမှုအပေါ် မျှတသည့် တုံ့ပြန်မှုဖြစ်ကြောင်း ပြောကြားခဲ့သည်။

     အီရန်အစိုးရဘက်ကမူ ရဟတ်ယာဉ်ကို ၎င်းတို့ ပစ်ချခဲ့ခြင်း ရှိ၊ မရှိ တရားဝင် အတည်ပြုခြင်း သို့မဟုတ် ငြင်းဆိုခြင်း မပြု လုပ်သော်လည်း၊ အီရန်နိုင်ငံခြားရေးဝန်ကြီး အဘတ်စ် အရတ်ချီ (Abbas Araghchi) က အမေရိကန်တပ်ဖွဲ့များ ဒေသတွင်းမှ ချက်ချင်းဆုတ်ခွာရန် တောင်းဆိုခဲ့သည်။ “ဟော်မုဇ်ရေလက် ကြားဟာ နိုင်ငံတကာရေပိုင်နက် မဟုတ်ဘဲ အီရန်နဲ့ အိုမန်အကြား ပိုင်ဆိုင်တာဖြစ်ပြီး အမေရိကန်ကမ်းခြေတွေနဲ့ မိုင်ပေါင်း ထောင်ချီဝေးပါတယ်။ အီရန်ရဲ့ ဝေဟင်၊ ကုန်းပြင် ဒါမှမဟုတ် ရေပိုင် နက်ကို ချိုးဖောက်မှုမှန်သမျှကို ကျွန်တော်တို့ရဲ့ လက်နက်ကိုင်တပ်ဖွဲ့တွေက အဖြေမပေးဘဲ ထားမှာမဟုတ်ပါဘူး။ ဘေးကင်းချင်ရင် ကျွန်တော်တို့ ဒေသကနေ ထွက်သွားပါ” ဟု အရတ်ချီက တုံ့ပြန်ရေးသားခဲ့သည်။

     ထို့ပြင် တရုတ်-အမေရိကန်-အီရန် ငြိမ်းချမ်းရေးဆွေး နွေးပွဲများ လုပ်ဆောင်နေစဉ်အတွင်း အမေရိကန်ရေတပ်က အီရန်ဆိပ်ကမ်းများကို ဝိုင်းရံထားခြင်းနှင့် လက်ဘနွန်တွင် အစ္စရေး ၏ ဆက်လက်တိုက်ခိုက်နေမှုများသည် ဧပြီ ၈ ရက် အပစ်ရပ်သဘောတူညီချက်ကို ချိုးဖောက်နေခြင်းဖြစ်ကြောင်း တီဟီရန်ရှိ ထိပ်တန်းအရာရှိများက စွပ်စွဲထားသည်။

     အီရန်လွှတ်တော်ဥက္ကဋ္ဌ မိုဟာမက် ဘာဂါ ဂါလီဘတ်ကလည်း “ကျွန်တော်တို့က သံတမန်ရေးကို ပိုနှစ်သက်ပေမယ့် တခြားစစ်ရေးဘာသာစကားတွေကို ပိုပြီးကျွမ်းကျင်ပါတယ်။ ခင်ဗျားတို့ရဲ့ ကတိကဝတ်တွေကို ဖျက်စီးလိုက်ရင် ကျွန်တော်တို့ အကျွမ်းကျင်ဆုံးအရာနဲ့ ပြောင်းလဲပြောဆိုမှာပါ” ဟု သတိပေးထားသည်။

     ယခုလအစောပိုင်းကလည်း အမေရိကန်က အီရန်၏ ကက်ရှမ်ကျွန်း (Qeshm Island) ကို တိုက်ခိုက်ခဲ့သဖြင့် အီရန်က ကူဝိတ်ရှိ အမေရိကန်အခြေစိုက်စခန်းကို ဒုံးကျည်များဖြင့် ပြန်လည်ပစ်ခတ်ခဲ့ဖူးသည်။ ဂျော့ခ်ျတောင်းတက္ကသိုလ်၏ အရှေ့အလယ်ပိုင်း လေ့လာရေးညွှန်ကြားရေးမှူး ဆီနာ အာဇိုဒီ (Sina Azodi) က အီရန်သည် စစ်ပွဲကို အလုံးစုံ အဆုံးသတ်စေမည့် သဘောတူညီချက်တစ်ခု အပြီးသတ်ရန် ထရမ့်ကို တတ်နိုင်သမျှ ဖိအားပေးရန် ကြိုးပမ်းနေခြင်းဖြစ်ကြောင်း သုံးသပ်ခဲ့သည်။

     အထူးသဖြင့် အမေရိကန်ပြည်ထောင်စုသည် လာမည့် သောကြာနေ့တွင် စတင်တော့မည့် ဖီဖာ ကမ္ဘာ့ဖလား (FIFA World Cup) ပြိုင်ပွဲကို ပူးတွဲအိမ်ရှင်အဖြစ် လက်ခံကျင်းပရန် ပြင်ဆင်နေချိန်ဖြစ်ရာ၊ နိုင်ငံတကာ၏ စောင့်ကြည့်မှုအောက်တွင် ရောက်ရှိနေသည့် ထရမ့်အနေဖြင့် စစ်ပွဲအသစ်တစ်ခုအတွင်းသို့ မသက်ဆင်းလိုသည်ကို အီရန်က ကောင်းစွာသိရှိပြီး ၎င်းတို့ဘက်က နောက်ဆုတ်မည်မဟုတ်ကြောင်း တင်းမာမှုမြှင့်တင်ကာ ပြသနေခြင်းဖြစ်ကြောင်း ကျွမ်းကျင်သူများက ရှုမြင်ကြသည်။

Telegram»…
https://t.me/positiveanglenews

#PAN