(လွှတ်တော်) ဇွန် ၄
တတိယအကြိမ် ပြည်ထောင်စုလွှတ်တော် ဒုတိယပုံမှန်အစည်းအဝေး ပထမနေ့ကို ယနေ့ နံနက် ၁၀ နာရီတွင် နေပြည်တော်ရှိ လွှတ်တော်အဆောက်အအုံ ပြည်ထောင်စုလွှတ်တော်ခန်းမ၌ အစီအစဉ် (၂၂) ခုဖြင့် ကျင်းပသည်။

ရှေးဦးစွာ ပြည်ထောင်စုလွှတ်တော်နာယက က လွှတ်တော်သို့ နှုတ်ခွန်းဆက် အမှာစကား ပြောကြားသည်။ ထို့နောက် နိုင်ငံတော်သမ္မတထံသို့ နိုင်ငံတကာ ခေါင်းဆောင်များမှ ပေးပို့လာသည့် ဝမ်းမြောက်ကြောင်း သဝဏ်လွှာများကို ပြည်ထောင်စုလွှတ်တော်၌ မှတ်တမ်းတင်ကြောင်း ကြေညာသည်။
ထို့နောက် နိုင်ငံတော်သမ္မတဦးမင်းအောင်လှိုင်၏ အိန္ဒိယနိုင်ငံ တရားဝင်ခရီးစဉ်အား ဂုဏ်ပြုဝမ်းမြောက် လှိုက်လှဲစွာကြိုဆိုပါကြောင်း အဆိုကို ဒေါက်တာခိုင်ခိုင်ဆု ရခိုင်ပြည်နယ် ကိုယ်စားလှယ်အမှတ် (၁၀) ကတင်သွင်းပြီး လွှတ်တော်က မှတ်တမ်းတင်ကြောင်းကြေညာခဲ့ပြီး အဂတိလိုက်စားမှုတိုက်ဖျက်ရေးကော်မရှင် အဖွဲ့ဝင်အဖြစ် ခန့်အပ် တာဝန်ပေးအပ်ပြီး ဖြစ်သော ဦးဝင်းဇော်မိုး က ပြည်ထောင်စုလွှတ်တော် နာယက ၏ ရှေ့မှောက်၌ ကတိသစ္စာပြုခြင်း အစီအစဉ်ကို ဆောင်ရွက်ခဲ့သည်။

ထို့အပြင် နိုင်ငံတော်သမ္မတ က ပေးပို့သော ပြည်ထောင်စုအတိုင်ပင်ခံကောင်စီ ဥက္ကဋ္ဌ၊ အတွင်းရေးမှူးနှင့် ကောင်စီဝင်များ၊ ပြည်ထောင်စုရာထူးဝန်အဖွဲ့ဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များ၊ နေပြည်တော်ကောင်စီဥက္ကဋ္ဌနှင့် ကောင်စီဝင်များ၊ တိုင်းဒေသကြီး သို့မဟုတ် ပြည်နယ်ဝန်ကြီးချုပ်များ မြန်မာနိုင်ငံအမျိုးသားလူ့အခွင့်အရေးကော်မရှင်၊ ပြည်ထောင်စုဝန်ကြီးဌာနများတွင် ဒုတိယဝန်ကြီးများ၊
ပြည်ထောင်စုရှေ့နေချုုပ်ရုံး၊ ဒုတိယရှေ့နေချုပ်၊ ပြည်ထောင်စုစာရင်းစစ်ချုပ်ရုံး၊ ဒုတိယစာရင်းစစ်ချုပ်
တိုင်းဒေသကြီး သို့မဟုတ် ပြည်နယ် တရားလွှတ်တော် တရားသူကြီးချုပ်များကို လွှတ်တော်မှ မှတ်တမ်းတင်ခဲ့သည်။ ဆက်လက်ပြီး နိုင်ငံတော်သမ္မတထံမှ ပေးပို့ထားသော နိုင်ငံတော် သမ္မတရုံး၏ ဥပဒေကဲ့သို့အာဏာတည်သော အမိန့်အမှတ် (၁/၂၀၂၆) အရေးပေါ်အခြေအနေ ကြေညာခြင်းနှင့် အမိန့်အမှတ် (၂/၂၀၂၆) စစ်အုပ်ချုပ် ရေးအမိန့် ထုတ်ပြန်ခြင်းတို့ကို လွှတ်တော်က အတည်ပြုပေးရန် ဥပဒေရေးရာဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်သီတာဦး က အဆိုတင်သွင်းပြီး ဆွေးနွေးလိုသည့် လွှတ်တော်ကိုယ်စား လှယ်ရှိပါက အမည်စာရင်း တင်သွင်းနိုင်ကြောင်း ကြေညာခဲ့သည်။
နိုင်ငံတော်သမ္မတထံမှ ပေးပို့ထားသော ဒီဇယ်ဆီံ HSD (500 ppm) အပေါ် ကျသင့်သည့် အထူး ကုန်စည်ခွန်နှင့် ကုန်သွယ်လုပ်ငန်းခွန် ကင်းလွတ်ခွင့်ပြုနိုင်ရေးကိစ္စနှင့် စပ်လျဉ်း၍ ဘဏ္ဍာရေးနှင့် အခွန်ဝန်ကြီးဌာနမှ ဒုတိယဝန်ကြီး ဦးဟန်ဝင်းအောင်က လွှတ်တော်သို့ ရှင်းလင်းတင်ပြပြီး ဆွေးနွေးလိုသည့် လွှတ်တော်ကိုယ်စားလှယ် ရှိပါက အမည်စာရင်း တင်သွင်းနိုင်ကြောင်း ကြေညာခဲ့ပြီး အစည်းအဝေး ပထမနေ့ ရပ်နားကြောင်းနှင့် တတိယအကြိမ် ပြည်ထောင်စုလွှတ်တော် ဒုတိယပုံမှန်အစည်းအဝေး ဒုတိယနေ့ကို ၉-၆-၂၀၂၆ ရက် (အင်္ဂါနေ့) နံနက် ၁၀ နာရီတွင် ကျင်းပပြုလုပ်မည်ဖြစ်ကြောင်း ကြေညာခဲ့သည်။