အပစ်ရပ်ဆွေးနွေးပွဲများ ပြုလုပ်နေသော်လည်း အစ္စရေးက ဘေရွတ်ဆင်ခြေဖုံးအထိ စစ်ရှိန်မြှင့်၊ လေဘာနွန်တွင် ၉ ဦး သေဆုံး

(နိုင်ငံတကာ) ဇွန် ၄

     အမေရိကန်ပြည်ထောင်စု ဝါရှင်တန်မြို့တွင် အစ္စရေးနှင့် လေဘာနွန်အရာရှိများအကြား စတုတ္ထအကြိမ်မြောက် တိုက်ရိုက်အပစ်အခတ်ရပ်စဲရေး ဆွေးနွေးပွဲများ ဒုတိယမြောက်နေ့အဖြစ် ဆက်လက်ရှိနေသော်လည်း၊ မြေပြင်တွင်မူ အစ္စရေးစစ်တပ်က မြို့တော်ဘေရွတ် ဆင်ခြေဖုံးအပါ အဝင် လေဘာနွန်တစ်ဝန်း၌ ပြင်းထန်သော တိုက်ခိုက်မှုများကို ဆက်လက်ဆင်နွှဲခဲ့ရာ ဗုဒ္ဓဟူးနေ့တစ်ရက်တည်းတွင်ပင် လူကိုးဦး သေဆုံးခဲ့သည်။

     လေဘာနွန်ကျန်းမာရေးဝန်ကြီးဌာန၏ ထုတ်ပြန်ချက်အရ အစ္စရေး၏ တိုက်ခိုက်မှုများသည် ဆေးဘက်ဆိုင်ရာ လူနာတင် ယာဉ်တစ်စီးအပါအဝင် အနည်းဆုံး မော်တော်ယာဉ် ၁၀ စီးကို တိုက်ရိုက်ပစ်မှတ်ထားခဲ့ပြီး ရှီဟိုး (Chehour)နယ်မြေမှ ဆေးဘက်ဆိုင်ရာဝန်ထမ်း ၂ ဦး၊ တိုင်ယာ (Tyre)မြို့အနီးမှ အရပ်သား ၆ ဦးနှင့် လမ်းမပေါ်တွင် သွားလာနေသည့် လေဘာနွန်စစ်သည်တစ်ဦး သေဆုံးခဲ့သည်။

     အထူးသဖြင့် ဘေရွတ်မြို့တောင်ဘက် ဆင်ခြေဖုံးရှိ ခါလ်ဒါ (Khaldeh) ဒေသအထိ အစ္စရေးတိုက်ခိုက်မှု ရောက်ရှိလာခြင်းကြောင့် “ယခုစစ်ပွဲတွင် ရှေ့တန်းစစ်မျက် နှာပြင်ဟူ၍ သီးသန့်မရှိတော့ဘဲ မူလအစ ဆိုးရွားသည့်အခြေအနေသို့ ပြန်ရောက်သွားပြီ” ဟု မြေပြင်သတင်းထောက်များက သုံးသပ်ကြသည်။

     အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်က ၎င်းအနေဖြင့် နေတန်ယာဟု လေဘာနွန်နှင့် စဉ်ဆက်မပြတ် စစ်ဖြစ်နေသည့်အပေါ် “နည်းနည်းတော့ စိတ်အနှောင့်အယှက် ဖြစ်မိတယ်” ဟု ပြောကြားခဲ့ပြီး၊ ဘေရွတ်ကို ဗုံးကြဲမည့်အစီအစဉ်ကို ဖျက်သိမ်းရန် နေတန်ယာဟုက ကတိပြုထားကြောင်း ဆို သည်။

     သို့သော် အစ္စရေးဝန်ကြီးချုပ်ရုံးက ဟစ်ဇဘိုလာဘက်က တိုက်ခိုက်နေသရွေ့ ဘေရွတ်ကို ဗုံးကြဲပိုင်ခွင့်ရှိကြောင်း တုံ့ပြန်ထားသည့်အပြင် နေတန်ယာဟုက “လေဘာနွန်နဲ့ ငြိမ်းချမ်းရေးရဖို့ဆိုရင် ဟစ်ဇဘိုလာကို လက်နက်ဖြုတ်ရုံတင်မကဘဲ လေဘာနွန်တစ်နိုင်ငံလုံးကို စစ်မဲ့ဇုန် (Demilitarisation) ဖြစ်စေရမယ်” ဟု တောင်းဆိုချက်အသစ် ထုတ်ဖော်ပြောဆိုခဲ့သည်။ ယင်းသည် လေဘာနွန်အစိုးရစစ်တပ်ကိုပါ လက်နက် ကန့်သတ်မည့်သဘော ဖြစ် သည်။

     တစ်ဖက်တွင်လည်း ဟစ်ဇဘိုလာအဖွဲ့က အစ္စရေးမြောက်ပိုင်းရှိ စစ်သည်များကို ဒုံးကျည်များဖြင့် အစုလိုက် အပြုံလိုက် ပြန်လည်ပစ်ခတ်ခဲ့ပြီး၊ ၎င်းတို့၏ တိုက်ခိုက်မှု သည် ကုလသမဂ္ဂပဋိညာဉ်စာတမ်းပါ ကိုည်ပိုင်ခုခံကာကွယ်ခွင့်အရ တရားဝင်ကြောင်း ဆိုသည်။ မတ်လ ၂ ရက်နေ့တွင် အစ္စရေးက လေဘာနွန်ကို စစ်ရှိန်မြှင့်ကတည်းက လက်ဘာနွန်တွင် လူပေါင်း ၃,၅၁၆ ဦး သေဆုံးကာ ၁ သန်းကျော် နေရပ်စွန့်ခွာခဲ့ရပြီး ဖြစ်သည်။

     ယခုပဋိပက္ခသည် ဝါရှင်တန်နှင့် အီရန်တို့အကြား ပြုလုပ်နေသည့် ဆွေးနွေးပွဲများကိုပါ ပျက်ပြားမည့် အန္တရာယ်ဖြစ်စေ သည်။ အီရန်နိုင်ငံခြားရေးဝန်ကြီး အဘတ်စ် အာရတ်ဂ်ချီက အမေရိကန်နှင့် ဆွေးနွေးပွဲများတွင် တိုးတက်မှုမရှိသေးကြောင်းနှင့် အစ္စရေးက ဘေရွတ်ကို တိုက်ခိုက်ပါက “စစ်ပွဲအပြည့်အဝ ပြန်စမည့် ဆိုးရွားသော ကျိုးဆက်ဖြစ် လာမည်” ဟု သတိပေးခဲ့သည်။

     ဗုဒ္ဓဟူးနေ့က အီရန်သည် ပင်လယ်ကွေ့ဒေသရှိ အမေရိကန်မဟာမိတ်များကို “မိမိကိုယ်ကိုခုခံခြင်း” အဖြစ် ဒုံးကျည်နှင့် ဒရုန်းများဖြင့် တိုက်ခိုက်ခဲ့ရာ ကူဝိတ်နိုင်ငံတကာလေဆိပ် ပျက်စီးခဲ့ပြီး လူတစ်ဦး သေဆုံးကာ ၆၀ ကျော် ဒဏ်ရာရခဲ့သည်။ ထို့ပြင် ဂါဇာစီးတီးရှိ လူနေအဆောက် အအုံများကို အစ္စရေးက ည အချိန် ဗုံးကြဲမှုကြောင့် ကလေး ၄ ဦးအပါအဝင် ၉ ဦး သေဆုံးခဲ့သည်။

     သမ္မတ ထရမ့်ကမူ အီရန်နှင့် ညှိနှိုင်းမှုများ “အလွန်ကောင်း မွန်စွာ” သွားနေပြီး ရက်သတ္တပတ်ကုန်တွင် သဘောတူညီချက် ရနိုင်သည်ဟု ဆိုသော်လည်း၊ မြေပြင်တွင်မူ အမေရိကန်၏ တိုက် ခိုက်မှုများနှင့် ကူဝိတ်၊ ဘာရိန်းရှိ အမေရိကန်တပ်ဖွဲ့များအပေါ် အီရန်၏ လက်တုံ့ပြန်မှုများကြောင့် အပစ်အခတ်ရပ်စဲရေး ကန့် သတ်ချက်များမှာ ရှေ့တန်းအစုံတွင် စမ်းသပ်ခြင်း ခံနေရသည်။

Telegram»…
https://t.me/positiveanglenews

#PAN