အစ္စရေးနှင့် စစ်ရေးပူးပေါင်းဆောင်ရွက်မှု ပိုမိုနက်ရှိုင်းစေမည့် အမေရိကန်၏ အစီအမံအပေါ် ပါတီနှစ်ရပ်လုံးမှ ကန့်ကွက်မှုများနှင့် ရင်ဆိုင်နေရ

(နိုင်ငံတကာ) ဇွန် ၁

     အမေရိကန်နှင့် အစ္စရေး စစ်တပ်နှစ်ခုအကြား နည်းပညာနှင့် စစ်ရေးပိုင်းဆိုင်ရာ ပေါင်းစည်းမှုကို မကြုံစဖူး ပိုမိုနက်ရှိုင်းစေမည့် လာမည့် ကာကွယ်ရေးအသုံးစရိတ် ဥပဒေ ကြမ်းပါ ပြဋ္ဌာန်းချက်တစ်ခုကို ပယ်ဖျက်ရန် အမေရိကန်ကွန်ဂရက်လွှတ်တော်မှ ပါတီနှစ်ရပ်လုံးရှိ ထင်ရှားသော လွှတ်တော်အမတ်နှစ်ဦးက ပူး ပေါင်း၍ ကန့်ကွက်ကြိုးပမ်းလာကြသည်။

     အမေရိကန်စစ်တပ်၏ ဘတ်ဂျက်ကို သတ်မှတ်ပေးသည့် နှစ်ပတ်လည် အမျိုးသားကာကွယ်ရေး လုပ်ပိုင်ခွင့်အာဏာ အက်ဥပဒေ (NDAA)၏ နောက်ဆုံးထွက် မူကြမ်းတွင် ထည့် သွင်းထားသော ပုဒ်မ ၂၂၄ (Section 224) သည် ယခုကဲ့သို့ အငြင်းပွားဖွယ်ရာ ဖြစ်လာခြင်းဖြစ်သည်။

     အဆိုပါ ပြဋ္ဌာန်းချက်အရ နှစ်နိုင်ငံအကြား ပူးတွဲနည်းပညာ ဖွံ့ဖြိုးတိုးတက်မှုနှင့် စစ်ရေးညှိနှိုင်းမှုများကို အနီး ကပ် ကြီးကြပ်ကွပ်ကဲမည့် “အမှုဆောင်ကိုယ်စားလှယ်” (executive agent) တစ်ဦးကို အမေရိကန် ကာကွယ်ရေးဝန်ကြီးဌာနက မဖြစ်မနေ ခန့်အပ်ရမည်ဟု ပါရှိသည်။ ဒီမိုကရက်တစ် ပါတီမှ တိုးတက်ပြောင်းလဲရေးဝါဒီ လွှတ်တော်အမတ် ရို ခန်နာ (Ro Khanna)က ၎င်းအနေဖြင့် အောက် လွှတ်တော် စစ်ဘက်ရေးရာကော်မတီတွင် ရှိသည့် အခွင့် အာဏာကို အသုံးပြုကာ ယင်းပုဒ်မ ၂၂၄ ကို အက်ဥပဒေကြမ်းမှ ဖယ်ရှားရန် ပြင်ဆင်ချက် တင်သွင်းသွားမည်ဟု ပြောကြားခဲ့သည်။

     ၎င်း၏ လုပ်ဖော်ကိုင်ဖက် ရစ်ပတ်ဘလီကန်ပါတီမှ လွတ် လပ်ခွင့်ဝါဒီ လွှတ်တော်အမတ် သောမတ်စ် မက်ဆီ (Thomas Massie)ကလည်း အကယ်၍ ယင်းဥပဒေ ကြမ်းသာ လွှတ်တော်ညီလာခံကြမ်းပြင်သို့ ရောက်ရှိလာပါက ၎င်းအနေဖြင့် အပြင်း အထန် ဆက်လက်ကန့်ကွက်သွားမည်ဟု သတိပေးထားသည်။

     မက်ဆီက ယခုကိစ္စသည် နိုင်ငံခြားအစိုးရများ၏ လွှမ်းမိုးမှုအောက်မှ အမေရိကန်၏ လွတ်လပ်သော အချုပ်အခြာအာဏာဆိုင်ရာ မေးခွန်းတစ်ခုဖြစ်ကြောင်း X လူမှုကွန်ရက်ပေါ်တွင် တင်ပြခဲ့ရာ၊ ခန်နာကလည်း ၎င်းနှင့်အတူ လက်တွဲရပ်တည်သွားမည်ဟု ပြန်လည်ကတိပြုခဲ့သည်။ လွှတ်တော်အမတ်နှစ်ဦးသည် ယခင်ကလည်း စစ်ဆန့်ကျင်ရေး အစီ အမံများနှင့် အစိုးရလျှို့ဝှက်ချက်များ ဖော်ထုတ်ရေးတို့တွင် ထူးခြားသော မဟာမိတ်အဖြစ် လက်တွဲခဲ့ကြသူများ ဖြစ် သည်။

     ဝေဖန်သူများနှင့် စစ်တမ်းများအရ လက်ရှိတွင် ဂါဇာနှင့် လေဘာနွန်စစ်ပွဲများအတွင်း အစ္စရေး၏ စစ်ဆင်ရေးများကြောင့် လူပေါင်း ၇၅,၀၀၀ ကျော် သေဆုံးခဲ့ရပြီးနောက် အမေရိကန်ပြည် သူလူထု၏ ၅၇ ရာခိုင်နှုန်းကျော်သည် အစ္စရေးသို့ စစ်ရေးနှင့် စီးပွားရေးအရ ထပ်မံပံ့ပိုးမှုကို ကန့် ကွက်နေကြသည်။

     သို့သော် လွှတ်တော်တွင်းရှိ အချို့သောအမတ်များက အမေရိကန်-အစ္စရေး ဆက်ဆံရေးကို ဝေဖန်ခြင်းကို ဂျူးဆန့် ကျင်ရေးဝါဒအဖြစ် စွပ်စွဲမှုများ ရှိနေသည်။ ယခု ပုဒ်မ ၂၂၄ သာ အတည်ဖြစ်သွားပါက အစ္စရေးသို့ ပေးအပ်မည့် စစ်ရေးအကူအညီများကို “ပူးပေါင်းဆောင်ရွက်မှု” ဟု ခေါင်းစဉ်တပ်ကာ ပွင့်လင်းမြင်သာမှု မရှိဘဲ ဖုံးကွယ်ထားသကဲ့သို့ ဖြစ်သွားနိုင်ကြောင်းနှင့် အမေရိကန်စစ်တပ်ကို အစ္စရေး၏ ကွန်ပျူတာဉာဏ်ရည်တု (AI)သုံး စစ်ဆင်ရေးနည်းပညာများနှင့် ခွဲထုတ်မရအောင် ချည်နှောင်မိလျက်သား ဖြစ်သွားစေနိုင်ကြောင်း စသည်ဖြင့် စိုးရိမ်မှုများ မြင့်တက်လျက်ရှိသည်။

Telegram»…
https://t.me/positiveanglenews

#PAN