
(နိုင်ငံတကာ)မေ ၃၁
ယူကရိန်းစစ်တပ်သည် ရုရှားနိုင်ငံအတွင်းရှိ စွမ်းအင်နှင့် စက်မှုလုပ်ငန်းဆိုင်ရာ အခြေခံအဆောက်အအုံများကို ပစ်မှတ် ထား၍ ဒရုန်းအများအပြားဖြင့် စစ်ဆင်ရေးတစ်ရပ်ကို ပိုမိုပြင်း ထန်စွာ ဆင်နွှဲခဲ့ရာ ရုရှားဒေသအနှံ့အပြားရှိ ရေနံချက်စက်ရုံနှင့် ဗျူဟာမြောက်စက်ရုံများ ထိမှန်ပျက်စီးခဲ့ကြောင်း ရုရှားနှင့် ယူကရိန်းအာဏာပိုင်များက အသီးသီးအတည်ပြု ပြောကြားခဲ့ကြသည်။
ဗော်လဂါမြစ်ဝှမ်းရှိ ဆာရာတော့ဗ် (Saratov)ဒေသတွင် ဒရုန်းဖြင့် တစ်ညလုံး တိုက်ခိုက်ခံရမှုကြောင့် အရပ်ဘက်အခြေခံအဆောက်အအုံများ ထိခိုက်ပျက်စီးခဲ့ကြောင်း ဒေသအုပ်ချုပ်ရေးမှူးက ဆိုသည်။ ယူကရိန်းစစ်တပ်က ၎င်းတို့အနေဖြင့် ဆာရာတော့ဗ်ရှိ ရေနံချက်စက်ရုံကို အောင်မြင်စွာ တိုက်ခိုက်နိုင်ခဲ့ကြောင်း ထုတ်ပြန်ခဲ့သော်လည်း၊ ရုရှားတို့ သိမ်းပိုက်ထားသည့် နယ်မြေအတွင်းရှိ ဇာပိုရစ်ရှား နျူကလီးယားဓာတ်အားပေးစက်ရုံကို တိုက် ခိုက်ခဲ့သည်ဟူသော ရုရှားဘက်မှ စွပ်စွဲချက်ကိုမူ ပြတ်သားစွာ ငြင်းဆိုခဲ့သည်။
ထို့ပြင် မော်စကိုမြို့အရှေ့မြောက်ဘက် ကီလိုမီတာ ၁,၃၀၀ ခန့်အကွာရှိ ကီရော့ဗ် (Kirov) ဒေသတွင်လည်း ယူကရိန်းဒရုန်းများကြောင့် လာဇာရီဗို (Lazarevo) ရေနံစုပ်စက်ရုံနှင့် စက်မှုအဆောက်အအုံတစ်ခု ထိမှန်ခဲ့သည်။ ယူကရိန်းနှင့် နယ်နိမိတ်ချင်း ထိစပ်နေသည့် ရော့စတော့ဗ်၊ ဗိုရိုနက်ရှ်နှင့် ဘဲလ်ဂိုရော့ဒ်ဒေသများတွင်လည်း တိုက်ခိုက်မှုများ ဆက်တိုက်ဖြစ်ပွားခဲ့ရာ ဘဲလ်ဂိုရော့ဒ်တွင် အရပ်သား ၃ ဦး ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။
တစ်ချိန်တည်းတွင် ရုရှားတို့ ထိန်းချုပ်ထားသည့် ခရိုင်းမီးယားကျွန်းဆွယ်တွင် ယူကရိန်း၏ လောင်စာဆီအခြေခံအဆောက်အအုံများအပေါ် လပေါင်းများစွာ တိုက်ခိုက်မှုများကြောင့် ဓာတ်ဆီရောင်းချမှုအပေါ် ကန့်သတ်ချက်များ စတင်ချမှတ်နေရပြီ ဖြစ်သည်။
သီးခြားဖြစ်စဉ်တစ်ခုအဖြစ် တနင်္ဂနွေနေ့တွင် ဥက္ကဋ္ဌ ဗိုလိုဒီမာ ဇီလန်းစကီး (Volodymyr Zelenskyy)က ယူကရိန်းအနေဖြင့် ဂျာမနီနိုင်ငံထံမှ အိုင်းရစ်-တီ (Iris-T) လေကြောင်းကာကွယ် ရေး ဒုံးကျည်ပစ်လွှတ်စနစ်အသစ်တစ်ခုကို လက်ခံရရှိခဲ့ကြောင်း ပြောကြားခဲ့ပြီး၊ ကိယက်ဗ် (Kyiv) ၏ မဟာမိတ်များထံမှ လေ ကြောင်းကာကွယ်ရေး ခဲယမ်းမီးကျောက်များ ပိုမိုပံ့ပိုးပေးရန် တောင်းဆိုခဲ့သည်။
Telegram»…
https://t.me/positiveanglenews
#PAN