ချင်းပြည်နယ်ဒေသများသို့ နိုင်ငံတော်ထောက်ပံ့ပစ္စည်းများ ဆက်လက်ပို့ဆောင်

(ပြည်တွင်း) မေ ၂၉

ချင်းပြည်နယ်အတွင်းရှိ ဖလမ်း၊ တီးတိန်နှင့် တွန်းဇံမြို့များအပါအဝင် ဒေသတစ်ဝိုက်တွင် ပြန်လည်ဖွံ့ဖြိုးတိုးတက်ရေးနှင့် အုပ်ချုပ်မှုယန္တရားများ ပြန်လည်လည်ပတ်နိုင်ရေးအတွက် နိုင်ငံတော်အစိုးရက ထောက်ပံ့ပစ္စည်းများကို အဆင့်ဆင့် ပို့ဆောင်လျက်ရှိကြောင်း သိရသည်။

အဆိုပါ ပို့ဆောင်မှုများသည် ဒေသအတွင်း ပြန်လည်ထူထောင်ရေးလုပ်ငန်းများနှင့် ပြည်သူလူထု၏ လူမှုစီးပွားဘဝ ပြန်လည်တည်ငြိမ်စေရေးကို ရည်ရွယ်၍ ဆောင်ရွက်ခြင်းဖြစ်ကြောင်း သိရသည်။

ပို့ဆောင်မှုအဆင့်ဆင့်အရ မေ ၂၅ ရက်တွင် နေပြည်တော်နှင့် မန္တလေးမြို့တို့မှ တပ်မတော်လေယာဉ်များဖြင့် ကလေးမြို့သို့ သယ်ယူပို့ဆောင်ခဲ့ပြီး၊ မေ ၂၆ ရက်တွင် ဖလမ်းမြို့သို့ ဆက်လက်ပို့ဆောင်ခဲ့သည်။

ထို့နောက် မေ ၂၇ ရက်တွင် တီးတိန်မြို့သို့လည်းကောင်း၊ ယနေ့ မေ ၂၉ ရက်တွင် တီးတိန်မြို့မှတစ်ဆင့် တွန်းဇံမြို့သို့လည်းကောင်း ထောက်ပံ့ပစ္စည်းများ ရောက်ရှိခဲ့ကြောင်း သိရသည်။

ပစ္စည်းများတွင် ဆောက်လုပ်ရေးလုပ်ငန်းသုံးပစ္စည်းများ၊ စားသောက်ကုန်များ၊ လူသုံးကုန်ပစ္စည်းများနှင့် ကျန်းမာရေးသုံးပစ္စည်းများ ပါဝင်ပြီး ဆေးရုံ၊ စာသင်ကျောင်း၊ ရုံးဌာနများနှင့် လမ်းတံတားများ ပြန်လည်ပြုပြင်တည်ဆောက်ရေးလုပ်ငန်းများအတွက် အသုံးပြုသွားမည်ဖြစ်ကြောင်း သိရသည်။

နိုင်ငံတော်အစိုးရအနေဖြင့် ဒေသလိုအပ်ချက်များအပေါ် မူတည်၍ ပြန်လည်ထူထောင်ရေးလုပ်ငန်းများကို ဆက်လက်ပံ့ပိုးကူညီသွားမည်ဖြစ်ကြောင်း သိရသည်။