
(နိုင်ငံတကာ)မေ ၂၉
အီရန်နိုင်ငံ ဘူရှဟာ (Bushehr) ပြည်နယ်အနီးတွင် အမေရိကန်လေယာဉ်တစ်စင်းကို ကြားဖြတ်ပစ်ချဖျက်ဆီးနိုင်ခဲ့သည်ဆိုသည့် အီရန်နိုင်ငံပိုင်ရုပ်သံလိုင်း၏ သတင်းထုတ်ပြန်ချက်အပေါ် အမေရိကန်ဗဟိုစစ်ဌာနချုပ် (US Central Command) က သောကြာနေ့အစောပိုင်းတွင် လုံးဝမဟုတ်မှန်ကြောင်း တရားဝင်တုံ့ပြန်ငြင်းဆိုလိုက်သည်။
အစောပိုင်းက အီရန်နိုင်ငံပိုင်ရုပ်သံလိုင်းသည် ဘူရှဟာပြည် နယ်၊ ဂျမ်း(Jam)ခရိုင်အတွင်း၌ အမေရိကန်လေယာဉ် တစ်စင်း ပျက်စီးသွားခဲ့ကြောင်း ၎င်းခရိုင်အုပ်ချုပ်ရေးမှူး မာဆုဒ် တန်ဂက်စတာနီ (Masoud Tangestani) ၏ ပြောကြားချက်ကို ကိုးကား၍ ထုတ်လွှင့်ခဲ့ခြင်းဖြစ်သည်။
သို့သော်လည်း အမေရိကန်စစ်ဘက်ကမူ ၎င်းတို့၏ လေ ယာဉ်တစ်စင်းမျှ ပစ်ချခံရခြင်းမရှိကြောင်း အခိုင်အမာဆို သည်။ ယခုဖြစ်စဉ်သည် အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်က အီရန်နှင့် အပေးအယူသဘောတူညီချက်ရလုနီးပါးဖြစ်နေသည်ဆိုသော သတင်းများကို ငြင်းပယ်ပြီးနောက်၊ ဝါရှင်တန်အရာရှိတစ်ဦး၏အဆိုအရ အမေရိကန်စစ်တပ်က ဟော်မုဇ်ရေလက်ကြားအနီးရှိ အီရန်၏ ဒရုန်းစစ်ဆင်ရေးတစ်ခုကို ပစ်မှတ်ထားတိုက် ခိုက်ခဲ့ခြင်းနှင့် အီရန်တော်လှန်ရေးအစောင့်တပ် (IRGC) ကလည်း အမေရိကန်လေတပ်စခန်းကို ပြန်လည်ပစ်မှတ်ထားတိုက်ခိုက်ခဲ့ခြင်းတို့အပြီး နာရီပိုင်းအကြာတွင် ပေါ်ပေါက်လာခြင်းဖြစ်သည်။
တစ်ချိန်တည်းမှာပင် အီရန်နိုင်ငံတောင်ပိုင်းနှင့် မဟာ ဗျူဟာမြောက် ဟော်မုဇ်ရေလက်ကြား (Strait of Hormuz)၊ ဘန်ဒါအာဘတ်စ် (Bandar Abbas) မြို့တို့အနီးတွင် သောကြာနေ့ညပိုင်းက ပေါက်ကွဲသံများ အပြင်း အထန် ကြားခဲ့ရကြောင်း အီရန် ‘တာ့စ်နင်’ (Tasnim) သတင်းဌာနက ဖော်ပြသည်။ ထိုအသံများသည် ရေလက် ကြားအတွင်းရှိ သင်္ဘောများကို သတိပေးသည့်အနေဖြင့် နှစ်ဦးနှစ်ဖက် အပြန်အလှန် ပစ်ခတ်မှုများကြောင့် ဖြစ် ကြောင်း နောက်ဆက်တွဲ သိရသည်။
ထို့ပြင် အီရန်လက်နက်ကိုင်တပ်ဖွဲ့များသည် နိုင်ငံတောင်ပိုင်းမှနေ၍ သတ်မှတ်မထားသော ပစ်မှတ်များဆီသို့ ဒုံးကျည်ပစ်ခတ်မှုစစ်ဆင်ရေးတစ်ရပ်ကို လုပ်ဆောင်ခဲ့ကြောင်း ‘ဖားစ်’ (Fars) သတင်းဌာနက ပူးတွဲဖော်ပြခဲ့သည်။
ယခုကဲ့သို့ လေယာဉ်ပစ်ချခံရမှုသတင်းများ၊ အပြန်အလှန်ပစ်ခတ်မှုများနှင့် ဒုံးကျည်စစ်ဆင်ရေးများသည် ဧပြီလအစောပိုင်းကမှ စတင်ခဲ့သည့် အမေရိကန်နှင့် အီရန်အကြား အပစ်အခတ်ရပ်စဲရေးအပေါ် ကြီးမားစွာ ခြိမ်း ခြောက်လျက်ရှိပြီး၊ ငြိမ်းချမ်းရေးမျှော်လင့်ချက်များကို မှေးမှိန်စေကာ ကမ္ဘာ့ရေနံစျေးနှုန်းများကိုလည်း ပြန်လည်မြင့်တက်သွားစေခဲ့သည်။
Telegram»…
https://t.me/positiveanglenews
#PAN